ဇူလိုင်-၁၉၊၂၀၂၆။ဇော်ရမ်း/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့က ဒုဌဝတီမြစ်ဆိပ်နှစ်နေရာမှာ သုံးရက်အတွင်း စက်လှေ နဲ့ ဖောင်နစ်မြုပ်မှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး လူငါးဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
သီပေါလှေဆိပ်မှာခရီးသည်တင်စက်လှေတစ်စီးဟာ ဇူလိုင်လ၁၇ရက်နေ့က မျောပါနှစ်မြုပ်ခဲ့ပြီး အဲဒီဖြစ်စဥ်မှခရီးသည်တွေကိုပြန်လည်ကယ်တင်နိုင်ခဲ့ပါတယ်
ဒါ့အပြင် ဇူလိုင်လ ၁၉ရက် မနက် အစောပိုင်းမှာတာလုံ ဇက်ဆိပ်မှာဖောင်တစ်စီးမျောပါပြီးနစ်မြုပ်ခဲ့ပြန်ပါတယ်။

Public Service Announcement
“ဇက်နဲ့ကူးတာလေ။ဖောင်ပေါ်ကိုကားတင်ပြီး လူတချို့လည်းတက်နေချိန်မှာကျိုးပြတ်ပြီးမျောပါသွားတယ်။စုစုပေါင်း၇ယောက်ပါသွားတာ။နှစ်ယောက်ပဲပြန်ကယ်နိုင်တယ်။ငါးယောက်ပျောက်နေပါတယ်”လို့ မြို့ခံတဦးကပြောပါတယ်။
ယခုရက်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းရောတောင်ပိုင်းမှာပါ မိုးကောင်းနေပါတယ်။ သီပေါနဲ့ ဆက်စပ်နေတဲ့ ကျောက်မဲမြို့မှာလည်း မိုးကောင်းနေလို့ တောင်ကျရေအန္တရာယ်ကို လူမှုရေးအဖွဲ့တွေက သတိပေးထားကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကလည်း မူဆယ်နဲ့ ဝဒေသမိုင်းပေါက်မြို့တွေမှာ မိုးကြီးပြီး ရေဘေးကြုံခဲ့ပါတယ်။ ရှမ်းပြည်နယ်မှာ မိုးဆက်ရွာနိုင်တယ်လို့ သတိပေးချက်တွေ ရှိနေပါတယ်။
သီပေါမြို့မှာ ဒုဌဝတီမြစ်ကူးတံတားရှိပေမယ့် အာဏာသိမ်းစစ်တပ်နဲ့ ကိုးကန့်တပ်(MNDAA)က တံတားတဖက်စီပိတ်ထားပါတယ်။ ဒါကြောင့်ခရီးသည်တွေက တံတားအသုံးပြုခွင့်မရဘဲ မြစ်ဆိပ်ကနေ ဖြတ်သန်းသွားလာနေရတာဖြစ်ပါတယ်။
၂၀၂၅ခုနှစ်ဧပြီလမှာ သီပေါမြို့ကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ထားပေမယ့် အုပ်ချုပ်ရေး ယန္တရားအပြည့်အဝမလည်ပတ်နိုင်သေးပါဘူး။ဒုဌဝတီတံတားရဲ့ သီပေါမြို့ဘက်ခြမ်းကို စစ်ကောင်စီက တပ်စွဲထားပြီး လားရှိုးမြို့ဘက်ကိုထွက်တဲ့အခြမ်းကို MNDAAက တပ်စွဲထားပါတယ်။အရပ်သားတွေဖြတ်သန်းသွားလာဖို့အတွက် MNDAA ကပြန်ဖွင့်ပေးပေမယ့် စစ်တပ်ကပိတ်ထားတာလို့ ဒေသခံတွေကပြောပါတယ်။
တံတားပြန်ဖွင့်ဖို့အတွက်တိုက်တွန်းဖို့ကို လွှတ်တော်ကတစ်ဆင့်ဆောင်ရွက်မယ်လို့ သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ကလူမှုကွန်ရက်မှာပြောကြားထားပေမယ့် စစ်တပ်ကိုကြောက်ရတဲ့အတွက် အကောင်အထည်ဖော်မှာမဟုတ်ဘူးလို့ မြို့ခံတွေကသုံးသပ်နေကြပါတယ်။

















































