ဝဇီရာ/People’s Spring
ဒါရိုက်တာ Christopher Nolan ရိုက်ကူးထားတဲ့၊ နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားကြီး တယ်လီဂရန်မှာ ရရှိနေပါပြီ။ ကျေးဇူးပြုပြီး Link မတောင်းပါနဲ့။ ကြည့်မှာလည်းမဟုတ်သလို ရှိလည်းမရှိပါဘူး။ အထူးမှာချင်တာက မိတ်ဆွေကြည့်ချင်တာကို နားလည်တယ်။ ဒါပေမယ့် တယ်လီဂရန်ကနေကြည့်ရမယ့်အဖြစ်ကို Nolan တော့ မသိပါစေနဲ့။
The Odyssey ဟာ ရှေးဂရိစာရေးဆရာ Homer ရဲ့ နာမည်ကျော် မဟာကဗျာကို အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပြီး Trojan စစ်ပွဲအပြီး ဘုရင် Odysseus ရဲ့ ၁၀ နှစ်ကြာ အိမ်ပြန်ခရီးစဉ်ကို ရိုက်ကူးတင်ဆက်ထားတာပါ။
The Odyssey (2026) ရုပ်ရှင်ဟာ ရိုက်ကူးထုတ်လုပ်စရိတ်သီးသန့်တင် ကန်ဒေါ်လာ သန်း ၂၅၀ခန့် ကုန်ကျထားပါတယ်။ ဒါဟာ Christopher Nolan ရဲ့ ရိုက်ကူးရေးသက်တမ်းတစ်လျှောက် စရိတ်အများဆုံး ကုန်ကျထားတဲ့ ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပြီး Universal Pictures က ရုပ်ရှင်ရုံတင် ကြော်ငြာစရိတ် (Marketing) အတွက်ပါ အပိုဒေါ်လာ သန်း ၁၀၀ နီးပါး ထပ်မံအသုံးပြုထားတာ ဖြစ်ပါတယ်။

Public Service Announcement
ရုပ်ရှင်တစ်ကားလုံးကို သာမန်ကင်မရာ မဟုတ်ဘဲ ဈေးအလွန်ကြီးပြီး ရိုက်ကူးရခက်ခဲတဲ့ IMAX 70mm အထူးကင်မရာကြီးတွေနဲ့ အဓိကထား ရိုက်ကူးထားပါယ်။ ဒါ့အပြင် ဂရိအပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံထက်မက ပြင်ပတည်နေရာတွေဆီ သွားရောက်ပြီးအစစ်အမှန် ရိုက်ကူးထားပါသေးတယ်။ နောက်ပြီး ဂရိဒဏ္ဍာရီထဲက သတ္တဝါတွေ၊ ပင်လယ်ပြင်စွန့်စားခန်းတွေ၊ ရာသီဥတုအကူးအပြောင်းတွေကို သဘာဝအတိုင်း ပုံဖော်ထားတာတွေ စတာတွေကြောင့် ရိုက်ကူးရေးစရိတ် အထူးကြီးမြင့်ခဲ့တာလို့ သိရပါတယ်။
စေတနာ အကျိုးပေးလို့ ဆိုရမှာပါပဲ။ The Odyssey ရုပ်ရှင်ဟာ ဒေါ်လာ သန်း ၂၅၀ အကုန်ခံရိုက်ကူးထားတာဖြစ်ပြီး နိုင်ငံတကာ ပရိသတ်ရဲ့ အားပေးမှုတွေကြောင့် အဖွင့်ပထမပတ်မှာတင် ဒေါ်လာ ၂၆၄ သန်းကျော် ဝင်ငွေရရှိခဲ့ပါတယ်။
တကယ်တော့ ရုပ်ရှင်ဝါသနာအိုးတွေက ဒီဇာတ်လမ်းကို စာအုပ်ဖတ်ဖူးလို့ ဇာတ်လမ်းဘယ်လိုဆိုတာ သိပြီးသားပါ။ ဒါရိုက်တာ Christopher Nolanက ဘယ်လိုရိုက်ကူးတင်ဆက်မယ်ဆိုတာ ရင်ခုန်ကြတာပါ။ ရုပ်ရှင်ဝါသနာအိုးတွေအတွက်တော့ Nolan ရဲ့ ရုပ်ရှင်တွေဟာ “ဇာတ်လမ်းက ဘာဖြစ်မလဲ” ဆိုတာထက် “Nolan က ဒါကို ငါတို့မျက်စိရှေ့မှာ ဘယ်လိုအသက်သွင်းပြမလဲ” ဆိုတဲ့ ရင်ခုန်မှုက အဓိကပါပဲ။
The Odyssey လို ပုံပြင်/ဒဏ္ဍာရီအဖြစ် လူတိုင်းသိပြီးသား ဇာတ်လမ်းမျိုးမှာ Nolan က သူ့ရဲ့ ထုံးစံအတိုင်း ပရိသတ်ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့တဲ့ ရိုက်ကူးဟန် အဓိက ၃ ချက် ရှိခဲ့တယ်လို့ သိရတယ်။
ဒီနေ့ခေတ် ဟောလိဝုဒ်က Green Screen (အစိမ်းရောင်နောက်ခံ) ပေါ်မှာ ကွန်ပျူတာအထူးပြုလုပ်ချက်တွေနဲ့ ဘီလူးတွေ၊ ပင်လယ်လှိုင်းတွေကို ဖန်တီးလေ့ရှိပေမဲ့ Nolan ကတော့ ကွန်ပျူတာနဲ့ ရေးဆွဲတာမျိုးမဟုတ်ဘဲ Animatronics (စက်မှုမက္ကင်းနစ် ရုပ်တုကြီးများ) နဲ့ အနီးကပ်သရုပ်ဆောင်ခိုင်းပြီး ရိုက်ကူးခဲ့တာပါ။
ပင်လယ်ပြင်ထဲ တကယ့် ရေလှိုင်းကြီးတွေ၊ သင်္ဘော အစစ်အမှန်တွေကို သုံးပြီး ရိုက်ကူးခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ အိုဒီးဆီးယပ်စ်နဲ့အတူ ပင်လယ်ထဲ တကယ်ရောက်နေရသလို ခံစားခဲ့ရမှာပါ။
Nolan ဟာ အချိန် (Time) ကို ကစားရတာ ဝါသနာပါသူပါ။ စာအုပ်ထဲမှာ နောက်ကြောင်းပြန် (Flashback) ပြောပြတဲ့ အပိုင်းတွေကို Nolan က သူ့ရဲ့ Inception သို့မဟုတ် Dunkirk တို့လိုမျိုး အချိန်ကာလ မတူညီတဲ့ လိုင်း ၃ လိုင်းကို ပြိုင်တူ စီးဆင်းစေပြီး နောက်ဆုံးမှ သွားပေါင်းစပ်လိုက်တဲ့ ပုံစံနဲ့ ရိုက်ကူးသွားတာဟာ ပရိသတ်အတွက် အင်မတန် အားရစရာ ကောင်းခဲ့တယ်လို့ သိရတယ်။
ဂရိရဲ့သမိုင်းဝင် ပင်လယ်ပြင်ကမ်းခြေတွေ၊ ရှေးဟောင်းမြို့ပျက်ကြီးတွေနဲ့ နတ်ဘုရားတွေရဲ့ ကမ္ဘာကို IMAX ကင်မရာအကြီးစားကြီးတွေနဲ့ ရိုက်ကူးထားတာကြောင့် ရုပ်ရှင်ရုံထဲမှာ ကြည့်ရတဲ့ အတွေ့အကြုံက စာအုပ်ဖတ်ရတာနဲ့ လုံးဝမတူတဲ့ အနုပညာရသအသစ်ကို ပေးစွမ်းနိုင်ခဲ့တာပါ။
Christopher Nolan ရဲ့ ရုပ်ရှင်တွေကို ပိတ်ကားထက်မှာ IMAX ရုံကြီးတွေနဲ့ ကြည့်ရှုရတဲ့ ခံစားချက်က ဘာနဲ့မှ မတူတာမို့ မြန်မာနိုင်ငံက ရုပ်ရှင်ဝါသနာအိုးတွေအတွက်တော့ တယ်လီဂရန်ကနေသာ ကြည့်ခွင့်ရတယ်ဆိုတာ တကယ်ကို နှမျောတသ ကြေကွဲစရာပါပဲ။
အထူးသဖြင့် Nolan ရဲ့ ရုပ်ရှင်တွေဟာ အသံစနစ် (Sound Design) နဲ့ ရုပ်ထွက် (Visual Effects) အပိုင်းမှာ ရုံမှာကြည့်မှ အပြည့်အဝ အရသာတွေ့တာမို့ ပြည်တွင်းက Nolan Fans တွေအတွက် ပိုပြီး ရင်ထဲမကောင်းဖြစ်ရတာပေါ့။ ဒါဟာ ဘာကြောင့်ပါလဲ။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ Universal Pictures အပါအဝင် ဟောလိဝုဒ်ရဲ့ အဓိက ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီကြီးများ (Major Studios) ဟာ မြန်မာနိုင်ငံရဲ့ စစ်ကောင်စီလက်ထက်မှာ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့အရေးယူမှုများ (Sanctions) နဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ပြည်တွင်းက ရုပ်ရှင်ရုံများထံ တရားဝင် ရုပ်ရှင်ဖြန့်ချိခွင့်ပေးတာကို ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။
The Odysseyကားကိုထုတ်လုပ်တဲ့ Universal Picturesဟာရဲ့စည်းကမ်းချက်ပိုမိုတင်းကြပ်ပြီးSanctions (စီးပွားရေးပိတ်ဆို့မှု) နဲ့ အမှတ်တံဆိပ်ဂုဏ်သိက္ခာ (Brand Reputation) ပိုင်းကို ပိုမို အလေးထားတဲ့အတွက် စစ်အုပ်ချုပ်ရေးအောက်က စီးပွားရေး ပတ်ဝန်းကျင်ဆီ တရားဝင် တိုက်ရိုက် မူပိုင်ခွင့် မရောင်းချဘဲ လုံးဝ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ ရှေ့က ရှေ့က Avator 3 အပါအဝင် ရုံမှာကြည့်မှအရသာအပြည့်အဝရမယ့်ဇာတ်ကားတွေ များစွာ လက်လွတ်ခဲ့ရပါတယ်။ နောက်ထပ်လည်း လာပါဦးမယ်။ Avengers: Doomsday တို့၊ Dune: Part Three တို့ကျရင်လည်း ဒီမှာ ရုံမတင်ဖို့ များပါတယ်။
ဒီဇာတ်ကားကို ရုံခိုးရိုက်အမျိုးအစား ဗွီဒီယိုတွေ telegram group တွေမှာ ရနေပါပြီ။ IMAX နဲ့ဝေးစွ၊သာမန်ရုပ်ရှင်ရုံစနစ်နဲ့တောင် ကြည့်ခွင့်မရတဲ့ မြန်မာနိုင်ငံက ရုပ်ရှင်ဝါသနာအိုးတွေ ကြေကွဲရမှာ အမှန်ပါ။ ဟိုး နေပါဦး။ တယ်လီဂရန်ကနေ ကြည့်မယ်ဆိုလည်း နိုလန် မသိပါစေနဲ့နော်။ ကမ္ဘာကျော် ဒါရိုက်တာကြီးတစ်ယောက် သူပေးချင်တဲ့ရသကို တစ်ရာခိုင်နှုန်းတောင် မရကြရှာတဲ့ တယ်လီဂရန်ကနေကြည့်ရမယ့် မြန်မာနိုင်ငံက ပရိသတ်တွေအတွက် ကြေကွဲသွားမှာ စိုးရိမ်လို့ပါ။


















































