ဇူလိုင် ၂၃၊ ၂၀၂၆။မေရီ/People’s Spring
စလော့ဂိမ်းရှုံးတဲ့ ကားသမား ၁ဦး အဆုံးစီရင်ပြီးလို့ ၁လမပြည့်ခင်မှာဘဲ မန္တလေးမြို့မှာလည်း စလော့ဂိမ်းရှုံးလို့ ကျပ်သိန်းရာချီ အကြွေးတင်နေတဲ့ အမျိုးသား ၁ဦး ကိုယ့်ကိုယ်ကို ကြိုးဆွဲချသတ်သေသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က ဇူလိုင် ၂၂ ရက်က မန္တလေးမြို့၊ သီရိမန္တလာကားကြီးကွင်းထဲက အဝေးပြေးဂိတ်တစ်ခုမှာ အသက် ၃၂ နှစ်အရွယ် အမျိုးသား ၁ဦးဟာ စလော့ဂိမ်းရှူံးပြီး ကျပ်သိန်းရာချီ အကြွေးတင်နေလို့ ကိုယ့်ကိုယ်ကို ကြိုးဆွဲချကာ သတ်သေသွားကြောင်း နီးစပ်သူတွေက ပြောပါတယ်။
“သူများငွေတွေယူပြီး ဆော့တာ။ သိန်း ၄၀၀ ရှုံးလို့သတ်သေတာပြောတယ်။”လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ သေဆုံးသူဟာ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ နွယ်နီရွာမှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူဟာ လောင်းကစားရှုံးလို့သတ်သေတယ်ဆိုတဲ့အပေါ် ထပ်မံ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Public Service Announcement
ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်းက အောင်ပန်း-ကလော ကားလမ်းပေါ်မှာ ၁၂ ဘီးကားသမား ၁ဦး စလော့ဂိမ်းရှုံးလို့ဆိုပြီး ကြိုးဆွဲချသေဆုံးခဲ့ပါသေးတယ်။
စစ်တပ်အာဏာသိမ်းကာလအတွင်း စလော့ဂိမ်းဆော့သူတွေ အဆမတန်များပြားလာပြီး ငွေသိန်းရာချီ ရှုံးလို့ ကိုယ့်ကိုယ်ကို သတ်သေတာတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။


















































