Connect with us

Hi, what are you looking for?

ဆောင်းပါး

ဂြိုဟ်တုဓာတ်ပုံများမှ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်သည့် TNLA ၏ မြေရှားသတ္တုတွင်းများ

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

– ဥဂ္ဂါ ရေးသားသည်။

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်အတွင်းရှိ TNLA ထိန်းချုပ်နယ်မြေမှာ စက်ယန္တရားများ အသုံးပြုထားတဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက်များ၊မြေပုံနဲ့တကွတွင်းများတည်နေရာများ၊ ဓာတုဆေးရည်စုဆောင်းကန်များနဲ့ သတ္တုတွင်းများဆီ ဆက်သွယ်ဖောက်လုပ်ထားတဲ့ လမ်းသစ်များ ပေါ်ပေါက်လာနေကြောင်း ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များက ဖော်ပြနေပါတယ်။

အဆိုပါတွေ့ရှိချက်ကို ပထမဆုံး ဖော်ထုတ်ခဲ့တာက အမေရိကန်နိုင်ငံအခြေစိုက် လွတ်လပ်သော မူဝါဒသုတေသနအဖွဲ့ Stimson Center ပဲဖြစ်ပါတယ်။အဆိုပါအဖွဲ့က ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အရှေ့တောင်အာရှဆိုင်ရာ လေ့လာတွေ့ရှိရမှု အစီရင်ခံစာမှာ ဂြိုဟ်တုဓာတ်ပုံများကို လေ့လာဆန်းစစ်ပြီး TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တု ထုတ်လုပ်‌ရေး လုပ်ကွက်များစွာ ပေါ်ပေါက်လာနေကြောင်း ပထမဆုံးအကြိမ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီအစီရင်ခံစာဟာ Stimson Center က လွန်ခဲ့တဲ့ တစ်နှစ်တာအတွင်း အရှေ့တောင်အာရှ တစ်ဝန်းမှာရှိတဲ့ သတ္တုတွင်းပေါင်း ထောင်နဲ့ချီကို မှတ်တမ်းတင်ပြီး တည်နေရာအတိအကျ ဖော်ထုတ်ခဲ့တဲ့ သုတေသနအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံက မြေရှားသတ္တုတွင်း ၆၀၀ ကျော်လည်း ပါဝင်ပါတယ်။

အစီရင်ခံစာက ရှမ်းပြည်နယ်မှာ မြေရှားသတ္တုတူးဖော်မှု ဘာကြောင့် ဒီလောက်မြန်မြန် တိုးလာတာလဲ၊ အဲဒီနောက်ကွယ်မှာရှိတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းပဋိပက္ခနဲ့ ဒေသတွင်း ပထဝီနိုင်ငံရေး အခြေအနေတွေကိုပါ ချိတ်ဆက်ပြီး လေ့လာထားပါတယ်။ ဒါ့အပြင် သတ္တုတူးဖော်မှုတွေက အရွယ်အစားရော နယ်မြေအကျယ်အဝန်းပါ ဆက်တိုက် တိုးလာတာကြောင့် မြန်မာ့ပဋိပက္ခအခြေအနေ၊ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံပြည်သူတွေရဲ့ နေထိုင်စားဝတ်နေရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်သလဲဆိုတာကိုလည်း သုံးသပ် တင်ပြထားပါတယ်။

ရှမ်းမြောက်ဒေသဟာရွှေ၊ ငွေ၊ ခဲ၊ ဇင့်၊ ကြေးနီနဲ့ အခြားသတ္တုသယံဇာတတွေ ကြွယ်ဝတဲ့ဒေသဖြစ်ပြီး သတ္တုတူးဖော်လာတဲ့ သမိုင်းလည်း ကြာမြင့်နေပါပြီ။ ၂၀၂၃ ခုနှစ်မတိုင်ခင် TNLA က သတ္တုတွင်းတွေကို မထိန်းချုပ်နိုင်သေးပေမယ့် သူတို့နယ်မြေကို ဖြတ်သန်းသွားလာရတဲ့ သတ္တုသယ်ယူပို့ဆောင်ရေးတွေ အပေါ် အခွန် ကောက်ခံခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပြီး နယ်မြေချဲ့ထွင်နိုင်ခဲ့တာနဲ့အတူ TNLA ဟာသတ္တုတွင်းအများအပြားကို ထိန်းချုပ်ခွင့် ရလာခဲ့ပါတယ်။

TNLA ရဲ့ ထုတ်ပြန်ချက်တွေအရ ယခင်အစိုးရအဆက်ဆက်နဲ့ စစ်ကောင်စီလက်ထက်တွေမှာ တရုတ်လုပ်ငန်းရှင်တချို့ကိုမြေရှားသတ္တုစမ်းသပ်ရှာဖွေရေး လိုင်စင်တွေ ထုတ်ပေးခဲ့ဖူးပါတယ်။ ဒါပေမယ့်အဲဒီကာလတွေမှာ နယ်မြေမတည်ငြိမ်မှု၊ လုံခြုံရေးပြဿနာတွေနဲ့ နည်းပညာပိုင်းဆိုင်ရာအခက်အခဲတွေကြောင့် အကြီးစားတူးဖော်ထုတ်လုပ်မှုအဆင့် အထိ မရောက်ရှိခဲ့ပါဘူး။

၁၀၂၇ စစ်ဆင်ရေး အရှိန်မြင့်လာပြီးနောက် ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့မှာ TNLA က ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအစဉ်တွေ ရေးဆွဲရန်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီခွင့်ပြုထားတဲ့ မြေရှားစမ်းသပ်ရှာဖွေခြင်းနဲ့ တူးဖော်ခြင်းလုပ်ငန်းတွေ အပါအဝင် သတ္တုတူးဖော်ရေးလုပ်ငန်းတွေကိုယာယီရပ်ဆိုင်းဖို့ ညွှန်ကြားခဲ့ပြီး၊ ယခင်အစိုးရ အဆက်ဆက် ထုတ်ပေးထားတဲ့ လိုင်စင်တွေကိုလည်း အသိအမှတ်မပြုကြောင်းကြေညာခဲ့ပါတယ်။

TNLA ကအဲဒီလိုယာယီရပ်ဆိုင်းရန် ညွှန်ကြားထားပေမယ့် ၂၀၂၄ ခုနှစ်မိုးကုတ်ကို ထိန်းချုပ်နိုင် ပြီးနောက် သဘောထား ပြောင်းလာခဲ့ပါတယ်။ စက်ယန္တရားကြီးတွေနဲ့ ပတ္တမြားတူးဖော်တာကို တားမြစ်ထားပေမယ့် ဒေသခံတွေရဲ့ တစ်နိုင်တစ်ပိုင် တူးဖော်မှုကိုတော့ အမည်ခံအခွန်ကောက်ပြီး ခွင့်ပြုပေးခဲ့ပါတယ်။

၂၀၂၅ ခုနှစ်မှာတော့ စစ်ရေးဖိအားတွေ တိုးလာပြီး နယ်မြေတွေလည်း လက်လွှတ်လာရချိန်မှာ TNLA က သတ္တုတူးဖော်ရေး ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်ဖိတ်ခေါ်ပြီး အကြီးစား ပတ္တမြားတူးဖော်ရေး လုပ်ငန်းတွေကိုပါ ပြန်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အရ မိုးကုတ်ကို စစ်တပ်ထံ ပြန်လွှဲပေးခဲ့ရပြီး၊ ဝင်ငွေအရင်းအမြစ်တွေ ဆုံးရှုံးသွားတာကြောင့် TNLA ရဲ့စစ်ရေးနဲ့ ဘဏ္ဍာရေး အခြေအနေကလည်းပိုပြီးဖိအားများလာခဲ့ပါတယ်။

ဒီလို စစ်ရေး၊ ဘဏ္ဍာရေးနဲ့ နိုင်ငံရေးဖိအားတွေ မြင့်တက်လာခြင်းနဲ့အတူ TNLA ထိန်းချုပ်နယ်မြေ တွေထဲမှာ မြေရှားသတ္တုတူးဖော်ရေး လှုပ်ရှားမှုတွေ စတင် ပေါ်ပေါက်လာပါတယ်။

ဒေသခံတွေရဲ့ အဆိုအရလည်း အစောပိုင်းကာလတွေမှာ အဆိုပါလုပ်ငန်းတွေဟာ စမ်းသပ် လေ့လာသည့် အဆင့်သာ ရှိခဲ့ပြီး၊ စက်ယန္တရားများ တပ်ဆင်အသုံးပြုခြင်း၊ သယ်ယူပို့ဆောင်ရေး လမ်းများ ဖောက်လုပ်ခြင်းနှင့် သတ္တုတွင်းလုပ်ကွက်များ အမှန်တကယ် အကောင်အထည်ဖော် တူးဖော်ခြင်းတို့မှာ ၂၀၂၅ ခုနှစ် နှောင်းပိုင်းကာလမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Stimson Center ရဲ့ ဂြိုဟ်တုဓာတ်ပုံ လေ့လာချက်အရ ရှမ်းပြည်နယ်မြောက်ပိုင်းမန်တုံမြို့နယ်မှာ လွန်ခဲ့တဲ့ ၇ လအတွင်းမြေရှားသတ္တုတူးဖေါ်ရေး လုပ်ကွက်အသစ် အနည်းဆုံး ၁၂ ခု အသစ်ပေါ်လာခဲ့ပါတယ်။ အဲဒီသတ္တုတွင်းတွေကို တရုတ်နယ်စပ်ဘက် ဦးတည်တဲ့ ရှိပြီးသားလမ်းတွေနဲ့ ချိတ်ဆက်ဖို့ လမ်းသစ်တွေပါ ဖောက်လုပ်ထားတာကို တွေ့ရှိရပါတယ်။

ဂြိုဟ်တုဓာတ်ပုံတွေမှာတော့ မြေရှားသတ္တုထုတ်ယူရာက ထွက်လာတဲ့ ရွှံ့နွံရည်တွေကို စုဆောင်းထားတဲ့စည်ကန်(collection pools) တွေလည်း တွေ့ရပါတယ်။ဒါတွေဟာ မြန်မာနိုင်ငံက မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ တွေ့ရလေ့ရှိတဲ့ ထင်ရှားတဲ့ လက္ခဏာဖြစ်ပြီး TNLA ထိန်းချုပ်နယ်မြေတွေမှာတော့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလလောက်က စတင်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

လုပ်ငန်းတွေ ဘယ်အဆင့်အထိ ရောက်နေပြီဆိုတာ အတိအကျ မသိရသေးပေမယ့်၊ မြေရှားသတ္တု ထုတ်ယူတဲ့ဓာတုဆေးရည်သုံးလုပ်ငန်းစဉ်ဟာ ပုံမှန်အားဖြင့် ၁၅၀ ရက်ကနေ ၄၀၀ ရက်အထိ ကြာတတ်တာကြောင့် ထုတ်လုပ်ပြီးသား သတ္တုတွေကို တရုတ်နိုင်ငံဘက် စတင်တင်ပို့နေပြီ ဖြစ်နိုင်တယ်လို့ အစီရင်ခံစာက သုံးသပ်ထားပါတယ်။

ဒါပေမယ့် TNLA နယ်မြေက မြေရှားသတ္တုတွင်းတွေဟာ လက်ရှိအချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နှိုင်းယှဉ်ရင် အချိုးအစားသေးငယ်ပါသေးတယ်။ မြန်မာနိုင်ငံရဲ့ မြေရှားသတ္တုအများစုကတော့ ကချင်ပြည်နယ်မှာပဲ ရှိနေဆဲပါ။

အထူးသဖြင့်၂၀၂၁စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထုတ်လုပ်မှု ပိုမြန်လာခဲ့ပြီး မြန်မာနိုင်ငံဟာ အလေးစား မြေရှားသတ္တုရိုင်း (Heavy Rare Earth Ore) ထုတ်လုပ်မှုမှာ တရုတ်နိုင်ငံကို ကျော်ပြီး ကမ္ဘာ့အများဆုံး ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်လာခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဒီနေရာမှာ သတိထားရမှာက “မြန်မာမှာ မြေရှားသတ္တုသယံဇာတ အများဆုံးရှိတယ်” လို့ မဆိုလိုပါဘူး။ “အလေးစား မြေရှားသတ္တုရိုင်း ထုတ်လုပ်မှု အများဆုံးနိုင်ငံ” ဖြစ်လာတာကို ဆိုလိုတာပါ။

တရုတ်နိုင်ငံကတော့ မြေရှားသတ္တုကို ကိုယ်တိုင်အများကြီး ထုတ်လုပ်နိုင်ပေမယ့် ၂၀၁၁ ခုနှစ်ကစပြီး သဘာဝပတ်ဝန်းကျင်စည်းမျဉ်းတွေ တင်းကျပ်လာတာ၊ အလေးစား မြေရှားသတ္တုပြည်တွင်းထုတ်လုပ်မှုကန့်သတ်လာတာကြောင့်မြန်မာနိုင်ငံကိုပိုမိုမှီခိုလာခဲ့ပါတယ်။

ဒီသတ္တုအများစုကို တရုတ်နိုင်ငံက ဝယ်ယူပြီး ၂၀၁၇ ကနေ ၂၀၂၄ ခုနှစ်အတွင်း တရုတ်ရဲ့ မြေရှားသတ္တု တင်သွင်းမှု အနည်းဆုံး ၆၀ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံက လာတာဖြစ်ပါတယ်။၂၀၂၃ ခုနှစ်မှာတော့မြန်မာနိုင်ငံရဲ့ တင်ပို့မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံအထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ KIA က စစ်တပ်နဲ့စစ်တပ်လက်​အောက်ခံပြည်သူ့စစ်အဖွဲ့ ထိန်းချုပ် ထားတဲ့ မြေရှားတွင်းအများစုကို ထိုးစစ်ဆင် သိမ်းပိုက်လိုက်ချိန်မှာတော့ ဒီထောက်ပံ့ရေး ကွင်းဆက် ဟာ အကြီးအ

ကျယ် အပြောင်းအလဲ ဖြစ်သွားခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်အစပိုင်းမှာ တရုတ်နိုင်ငံဆီ တင်ပို့မှု တွေ ရပ်တန့်ခဲ့ပေမယ့်နောက်ပိုင်းမှာ ပြန်လည်စတင်နိုင်ခဲ့ပါတယ်။

ဒီအခြေအနေကြောင့် TNLA ထိန်းချုပ်နယ်မြေက မြေရှားသတ္တုတွင်းတွေဟာ တရုတ်အတွက် ပိုအရေးကြီးလာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ ကချင်ဘက်မှာ စစ်ရေး တည်ငြိမ်မှု မရှိနေသေးတဲ့အချိန် ရှမ်းဘက်က ထောက်ပံ့ရေးဟာ ပိုတည်ငြိမ်နိုင်တာကြောင့်ပါပဲ။

ဒါကြောင့်ပဲ မကြာသေးမီ နှစ်အနည်းငယ်အတွင်း မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေကို ရှမ်းမြောက်သို့ တဖြည်းဖြည်း ဦးတည်သွားစေရန် တွန်းအားပေးခဲ့တယ်လို့ ဂြိုဟ်တုဓာတ်ပုံ လေ့လာချက်တွေက အထင်အရှား ပြသနေကြောင်း Stimson Center က ဆိုပါတယ်။

ကချင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာမြေရှားသတ္တုတွင်း အများဆုံးရှိတဲ့ ဒေသဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၅ နှစ်အတွင်းသတ္တုတူးဖော်ရေး တိုးချဲ့လာတဲ့ နှုန်းမှာတော့ ရှမ်းပြည်နယ်က ပိုမိုမြန်ဆန်ခဲ့ပါတယ်။ ရှမ်းပြည်နယ်ရဲ့ နှစ်စဉ်ပျမ်းမျှ တိုးတက်နှုန်းဟာ ၄၈ ရာခိုင်နှုန်းရှိခဲ့ပြီး ကချင်ပြည်နယ်ရဲ့ ၁၅ ရာခိုင်နှုန်း ထက် သိသိသာသာ မြင့်မားခဲ့ပါတယ်။(ဒီနေရာမှာ ၁၀၀ ရာခိုင်နှုန်း တိုးတက်မှုဆိုတာ ယခင်ရှိပြီးသား သတ္တုတွင်းအရေအတွက်နဲ့ နှိုင်းယှဉ်ရင် နှစ်ဆတိုးလာခြင်းကို ဆိုလိုပါတယ်။)

“မြေရှားသတ္တု (Rare Earth)” ဆိုတဲ့စကားလုံးကို လွန်ခဲ့တဲ့နှစ်အနည်းငယ်အထိ လူအများက သိပ်မကြားဖူး ကြပါဘူး။ ဒါပေမယ့် မြေရှားဟာ ဒီနေ့ခေတ်မှာတော့လျှပ်စစ်ကား (EV) တွေ၊ လေအား လျှပ်စစ်တာဘိုင်တွေ၊ စမတ်ဖုန်းတွေ၊ စစ်လက်နက်နည်းပညာတွေနဲ့ AI ဆာဗာတွေအထိ ထုတ်လုပ် ရာမှာ အသုံးပြုနေတဲ့ စွမ်းဆောင်ရည်မြင့် သံလိုက် (Permanent Magnets) တွေ ထုတ်လုပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့သတ္တု ဖြစ်လာပါတယ်။

အထူးသဖြင့် ဒစ်စပရိုဆီယမ် (Dysprosium) နဲ့ တာဘီယမ် (Terbium) လိုလေးလံမြေရှားသတ္တု “Heavy Rare Earth” တွေဟာ ကမ္ဘာ့စက်မှုလုပ်ငန်းရဲ့ အရေးပါတဲ့ ကုန်ကြမ်းတွေ ဖြစ်လာနေပါတယ်။

TNLA နယ်မြေအတွင်း ဒီမြေရှားသတ္တုတွင်းအသစ်တွေ ပေါ်ပေါက်လာခြင်းဟာ မြန်မာ့ပဋိပက္ခ အခြေအနေ၊ တရုတ်နိုင်ငံရဲ့ ကုန်ကြမ်းလုံခြုံရေးနဲ့ ကမ္ဘာ့နည်းပညာထောက်ပံ့ရေးကွင်းဆက်အပြင် ဒေသခံပြည်သူတွေရဲ့ အနာဂတ်ကိုပါ သက်ရောက်လာနိုင်တဲ့ အပြောင်းအလဲတစ်ရပ် ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဒီသတ္တုတူးဖော်ရေးက အကျိုးစီးပွားအမျိုးမျိုးကို ချိတ်ဆက်ပေးတာကြောင့် ပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်တဲ့အချက်တစ်ရပ်လည်းဖြစ်လာနိုင်ပါတယ်။

မန်တုံမြို့နယ်က မြေရှားသတ္တုတွင်းတွေမှာ တရုတ်နဲ့ ဝ ကုမ္ပဏီတွေ၊ UWSA နဲ့ MNDAA တို့လို အင်အားစုများ ပါဝင်ပတ်သက်နေမှုကြောင့် စစ်ရေးတင်းမာမှုတွေ ပြန်လည်ဖြစ်ပေါ်လာနိုင်ခြေကို အတိုင်းအတာတစ်ခုအထိ လျော့ကျစေနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါသတ္တုတွင်းများဟာ စစ်ကောင်စီက TNLA ထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ ဒေသအတွင်းမှာ တည်ရှိနေပြီး၊ တရုတ်နိုင်ငံကလည်း နယ်စပ်တည်ငြိမ်ရေးကို ဦးစားပေးတာကြောင့် TNLA နဲ့ စစ်ကောင်စီကြား လက်ရှိအပစ်အခတ်ရပ်စဲရေးကို ထိန်းထားနိုင်တဲ့ အချက်တစ်ရပ် ဖြစ်လာနေပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အပစ်အခတ်ရပ်စဲရေး သမိုင်းမှာ အခြေခံနိုင်ငံရေးပြဿနာတွေ မဖြေရှင်း နိုင်သေးသရွေ့ရေရှည်တည်တံ့ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။ရေရှည်မှာတော့ မြေရှားသတ္တုကနေ ရရှိတဲ့ ဝင်ငွေတွေဟာ TNLA အပါအဝင် လက်နက်ကိုင်အဖွဲ့တွေရဲ့ ဘဏ္ဍာရေးနဲ့ စစ်ရေးစွမ်းအားကို ပြန်လည် တည်ဆောက်ရာမှာ အသုံးဝင်လာနိုင်ပြီး၊ သယံဇာတတွေဟာ ပဋိပက္ခကို လျော့ချနိုင်သလို တစ်ဖက်မှာ လည်း ပိုမိုရှည်ကြာစေနိုင်တဲ့ အချက်တစ်ရပ် ဖြစ်လာနိုင်ပါတယ်။

အခြားတဖက်မှာလည်း ဒီအကျိုးအမြတ်များက တရားမဝင်စီးပွားရေးတွေကို ဆက်လက်အားပေး နေပါတယ်။ သုတေသနတချို့မှာလည်း UWSA နယ်မြေအတွင်းရှိ ကျားဖြန့်စခန်းတွေနဲ့ ရှားပါးသတ္တု လုပ်ငန်းတွေကြား ဆက်နွယ်မှုတွေ၊ လူကုန်ကူးခံရသူများ ပါဝင်ပတ်သက်နေရမှုတွေကိုပါတွေ့ရှိထားပါတယ်။

တစ်ချိန်တည်းမှာပဲ ဒီလုပ်ငန်းတွေးရဲ့ နောက်ကွယ်မှာ ပေးဆပ်ရမယ့် တန်ဖိုးကလည်း အင်မတန် ကြီးမားပါတယ်။

စည်းမျဉ်းစည်းကမ်းနဲ့ ကြီးကြပ်မှု အားနည်းခြင်းကလည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသလို မကြာသေးမီက TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားမဟုတ်တဲ့ အခြားသတ္တုတူးဖော်ရေး သိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ဒေသခံရွာသားများစွာ သေဆုံးခဲ့ရခြင်းက စက်ပစ္စည်းများကို စနစ်တကျ မကိုင်တွယ်မှုရဲ့ အန္တရာယ်ကို ပြသနေပါတယ်။

မြေရှားသတ္တု ထုတ်ယူရာမှာ မြေအောက်ထဲကို ဓာတုအက်ဆစ်ရည် ထိုးသွင်းပြီး သတ္တုကို စစ်ထုတ်ယူတဲ့ Leaching process နည်းလမ်းကိုအသုံးပြုရတာကြောင့်TNLA ထိန်းချုပ်နယ်မြေ အတွင်း သောက်သုံးရေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်တာမို့ ဒေသခံတွေက စိုးရိမ်တကြီး ပြင်းထန်စွာ ကန့်ကွက်နေကြဆဲ ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာလည်း လေ့လာမှုတွေအရ မြေရှားသတ္တုတူးဖော်မှုကြောင့် မြစ်ရေတွေရဲ့ အက်ဆစ်ဓာတ် မြင့်တက်လာတာ၊ ဓာတုပစ္စည်းတွေ ရေထဲစီးဝင်တာ၊ သောက်သုံးရေညစ်ညမ်းတာ၊ လယ်ယာမြေပျက်စီးတာ၊ ငါးသယံဇာတ လျော့နည်းလာတာ၊ ဒေသခံတွေနဲ့ တိရစ္ဆာန်တွေမှာ အရေပြားရောဂါတွေ ဖြစ်လာတာကို တွေ့ရှိထားပါတယ်။

အလားတူ ပြဿနာတွေဟာ မန်တုံဒေသကနေ စီးဆင်းတဲ့ ရွှေလီမြစ်နဲ့ မြစ်ငယ်မြစ်ဝှမ်းဒေသ တွေမှာလည်း ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် သစ်တောပြုန်းတီးမှု၊ မြေပြိုမှု၊ သတ္တုတွင်းပြိုကျမှုတွေဟာလည်း မြေရှားသတ္တု တူးဖော်ရေးနဲ့ အတူ လိုက်ပါလာတတ်တဲ့ အန္တရာယ်တွေဖြစ်ပါတယ်။

နောက်ထပ် စိုးရိမ်စရာတစ်ခုကတော့ မြန်မာနိုင်ငံမှာသယံဇာတလုပ်ငန်းတွေဟာလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီအတွက် အရေးပါတဲ့ ဝင်ငွေရင်းမြစ်ဖြစ်နေတဲ့အချက်ပါ။ အစီရင်ခံစာ အရ သယံဇာတလုပ်ငန်းတွေက နှစ်စဉ် ဒေါ်လာဘီလီယံပေါင်းများစွာ ဝင်ငွေဖန်တီးပေးနေပြီး ပဋိပက္ခတွေ ဆက်ရှည်စေနိုင်တဲ့ ဘဏ္ဍာရေးအခြေခံတစ်ခု ဖြစ်လာနေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါကြောင့် ခုလိုမြေရှားသတ္တုတွေ တူးဖေါ်လာနိုင်ခြင်းဟာ မြန်မာ့ပဋိပက္ခရဲ့ စီးပွားရေးပုံစံ ပြောင်းလဲလာနိုင်တာ၊ကမ္ဘာ့နည်းပညာထောက်ပံ့ရေးကွင်းဆက်မှာ မြန်မာရဲ့ အခန်းကဏ္ဍ ပိုကြီးလာတာ၊ တရုတ်ရဲ့ ကုန်ကြမ်းလုံခြုံရေးနဲ့ ဆက်နွယ်လာတာ၊ တစ်ဖက်မှာလည်း သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံပြည်သူတွေအတွက် ပိုမိုကြီးမားတဲ့ ဖိအားတွေ ကျရောက်လာနိုင်တာကို တစ်ပြိုင်နက်တည်း ပြသနေတဲ့ ရှုပ်ထွေးတဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။

တကယ်တော့ အဖိုးတန်သယံဇာတတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်အားတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်စနစ်နဲ့ ပဋိပက္ခတွေကြား အစိတ်စိတ် အမွှာမွှာ ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာတော့ သယံဇာတတွေဟာ ဆုံးရှုံးနစ်နာမှုတွေနဲ့ ပိုပြီး တွဲဖက်မြင်တွေ့ နေရပါတယ်။

ကမ္ဘာ့နည်းပညာခေတ်ရဲ့ အရေးပါဆုံး သယံဇာတတစ်ရပ်ဖြစ်လာတဲ့ မြန်မာ့မြေရှားသတ္တု တွေဟာလည်း ကမ္ဘာ့စက်မှုလုပ်ငန်းတွေအတွက် တန်ဘိုးကြီးမားပေမယ့်၊ မြန်မာ့မြေပေါ်မှာတော့ ပဋိပက္ခတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေနဲ့အတူ “သယံဇာတကျိန်စာ” ရဲ့ အရိပ်အောက်မှာသာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

ကိုးကား – Stimson Center

ဆက်စပ်သတင်းများ

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ထိခိုက်ပျက်စီးခဲ့တဲ့ အိမ်ခြေ ၄၉၅ လုံးအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၆၈၄၇၂သိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း TNLAက ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။