Connect with us

Hi, what are you looking for?

သတင်း

ပေါက်ကြားလာတဲ့ ဆွေးနွေးပွဲ မှတ်တမ်းမှာ TNLA ရဲ့ တအာင်းပြည်နယ်တောင်းဆိုမှု စစ်တပ်ကကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီးဟု တုံ့ပြန်

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

ဓါတ်ပုံ-စစ်​ကောင်စီ

ဇူလိုင်-၂၁၊၂၀၂၆။ထားမြတ်/People’s Spring

တအာင်းတပ်မတော်(PSLF/TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ ဇူလိုင် ၁၉ ရက်က​တွေ့ဆုံဆွေးနွေးပွဲမှတ်တမ်းဟာ ကန့်သတ်လို့ သတ်မှတ်ထားတယ်ဆိုပေမဲ့ ဆွေးနွေးပွဲအပြီး ၂ ရက်အကြာ ဇူလိုင် ၂၁ရက်မှာ လူမှုကွန်ယက်မှာပေါက်ကြားလာပါတယ်။

TNLA ရဲ့ တအာင်းပြည်နယ် ရည်မှန်းချက်၊ အသိအမှတ်ပြုခံလိုမှု တောင်းဆိုချက် တွေ့ရသလို စစ်တပ်ဘက်ကလည်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေးပြီးဖြစ်လို့ ပြည်နယ်ပေးတာဟာ စစ်တပ်ရဲလွှတ်တော်ကလုပ်ရမယ့်လုပ်ငန်းစဉ်လို့ တုံ့ပြန်တာကို တွေ့ရပါတယ်။

TNLA ဥက္ကဋ္ဌ တားဂျုတ်ဂျားဦးဆောင်တဲ့ အဖွဲ့နဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင် ၁၉ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး အခုပေါက်ကြားလာတဲ့ဆွေးနွေးပွဲမှတ်တမ်းကို ဒုဥက္ကဋ္ဌ တားဂျုတ်ဂျားနဲ့ စစ်တပ်ကိုယ်စားလှယ်အဖွဲ့က ဒုဗိုလ်ချုပ်ကြီးမင်းနိုင်တို့လက်မှတ်ရေးထိုးထားတာ​တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

TNLA ဘက်ကဆွေးနွေးတဲ့အချက်အချက် ၁၅ ချက်ရှိရာစစ်အုပ်စု(ဆွေးနွေးချက်မှာ အရပ်သားအစိုးရသစ်လို့ ရေးသားထား)ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုမှာ လက်တွေ့ပူးပေါင်းဖို့ အသင့်ရှိကြောင်း၊တအာင်းပြည်သူလူထုအတွက် ကောင်းမွန်တဲ့ ဖွံ့ဖြိုးရေး ဖော်ဆောင်နေတာကို လက်ခံပေးဖို့ အသိအမှတ်ပြုမှု ရမယ်ဆိုရင် စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ၀တပ် UWSA၊ မိုင်းလားတပ် NDAA တို့လို ပိုမိုတက်ကြွစွာ ပူးပေါင်းမယ်လို့ ဆွေးနွေးထားတာတွေ့ရပါတယ်။

ဒါ့အပြင်တအာင်းပြည်နယ်ပေါ်ထွန်းရေး ရည်မှန်းချက်ထားပြီး အခြားပြည်နယ်နဲ့ တန်းတူ စီမံအုပ်ချုပ်ခွင့်ရပြီး ပြည်ထောင်စုကခွဲမထွက်ဘဲ ပြည်ထောင်စုကို အတူတကွတည်ဆောက်ဖို့ ရည်မှန်းထားတယ်လို့ TNLA ဘက်က ဆွေးနွေးခဲ့သလို တအာင်းဒေသခံ ပြည်သူလူထုရဲ့ ဘ၀သက်သာ ချောင်ချိရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်အုပ်စုဘက်က သဘောထားကြီးမားမှုနဲ့ ကူညီစောင့်ရှောက်မှု လိုအပ်နေကြောင်း ဆွေးနွေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ဆွေးနွေးချက်မှာတော့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပေးထားပြီးဖြစ်လို့ ပြည်နယ်ပေးတာကို လွှတ်တော်ကဆောင်ရွက်ရမှာလို့ဆိုပါတယ်။ ဒေသဖွံ့ဖြိုးရေးကိုလည်း စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးလမ်းကြောင်းက ဆောင်ရွက်ပေးလို့ရနိုင်မယ်လို့ တုံ့ပြန်ပါတယ်။

နောက်တကြိမ်ဆွေးနွေးမှုကို နမ့်ဆန်မှာ ကျင်းပဖို့ စစ်တပ်ဘက်က အဆိုပြုခဲ့ရာ ပြန်ညှိနှိုင်းမယ်လို့ မှတ်တမ်းမှာ တွေ့ရပါတယ်။

စစ်တပ်နဲ့ TNLAတို့ အကြား ဆွေးနွေးပွဲ ရလဒ်အခြေအနေကို TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ဇူလိုင် ၂၀ရက်နဲ့ ၂၁ရက်နေ့တွေမှာ ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်ကြားချက်မရသေးပါဘူး။ ဒါ့အပြင် ပေါက်ကြားလာတဲ့ ဆွေးနွေးပွဲမှတ်တမ်းနဲ့ပတ်သက်ပြီး လည်း မေးမြန်းထားဆဲဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ နေပြည်တော်မှာ တွေ့ဆုံမှု ထူးခြားမှုမရှိ ပုံမှန်သာဖြစ်တယ်လို့TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကဇူလိုင် ၁၉ ရက်က လူထု​နွေဦးကို​ဖြေခဲ့ပါတယ်။

“ဒီဆွေးနွေးပွဲက ထူးခြားတာမရှိဘူး။ ပုံမှန်တွေ့နေကြ တွေ့ဆုံမှုသာဖြစ်တယ်။ အရင်တုန်းက ဆိုရင် ကူမင်းမှာ တွေ့ဆုံတာမျိုးတွေရှိတယ်။ ဒီတကြိမ်မှာတော့ နေပြည်တော်မှာ တွေ့ဆုံတာပဲဖြစ်ပါတယ်။” လို့ လွေးယေဦးက ဇူလိုင် ၁၉ ရက်မှာပြောခဲ့တာဖြစ်ပါတယ်။

စစ်တပ်နဲ့ ​နေပြည်​တော်မှာ​တွေ့ဆုံဆွေးနွေးခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး TNLA ခေါင်းဆောင်အချို့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်ကြားချက်မရသေးပါဘူး။

ရှမ်းမြောက်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးကတော့ ဆွေးနွေးပွဲမှတ်တမ်း အခုလို ထွက်ပေါ်လာတာ TNLA ရဲ့ နိုင်ငံရေးသိက္ခာကိုချပစ်လိုက်တာဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

“အခြေအနေအရပ်ရပ်ကြောင့်စကစရဲ့ ကလိမ်ကကျစ်အကွက်တွေအောက်ဒူးထောက်ပေးလိုက်ရတာကတော့ တော်လှန်ရေးအတွက် နစ်နာမှုပေါ့။” လို့ လည်းရေးသားထားပါတယ်။​

TNLAလိုအခြားတော်လှန်ရေးတပ်တွေ ဆက်ဖြစ်သွားရင် တော်လှန်ရေး ခရီးကြမ်းအတွက် ရင်မောရမယ့် အခြေအနေလို့ ဆိုပါတယ်။

​ဆွေးနွေးပွဲမှတ်တမ်းမှာ အာဏာသိမ်းစစ်တပ်ကအ​ပေါ်စီးက​ဆွေး​နွေးထားတာကိုလည်း​တွေ့ရပါတယ် ။​နေပြည်​တော်ကိုသွားပြီး​ဆွေး​နွေးခဲ့တဲ့ TNLA အ​​ပေါ် ​တော်လှန်​ရေးအင်အားစု​တွေက ​ဝေဖန်​နေကြပါတယ် ။

ရှမ်းမြောက်ဒေသ သတင်းရင်းမြစ်တစ်ဦးက TNLA အနေနဲ့ စစ်တပ်နဲ့ အခုလို ဆွေးနွေးပွဲလုပ်ရတာဟာ တရုတ်အစိုးရရဲ့ ဖိအားကြောင့် ဖြစ်သလို နောက်ထပ်မြို့တွေကိုပါ ထပ်မံ စွန့်လွှတ်ရနိုင်ခြေရှိတယ်လို့ သုံးသပ်ပါတယ်။

“TNLA ဘက်က အများကြီး အလျှော့ပေးလိုက်ရမယ့်အနေအထားလိုပဲမြင်တယ်။ စကမနဲ့ TNLA နှစ်ဖက်လုံးက ပြောဆိုလာတာမတွေ့ရသေးပေမယ့် TNLA ဘက်ကတော့ တရုတ်အစိုးရဖိအားကြောင့် နယ်မြေတွေ ထပ်မံဆုတ်ခွာပေးလာနိုင်ပါတယ်။ ဥပမာနမ့်ခမ်း နမ္မတူ မိုင်းလုံ မိုင်းငေါ့တိုလိုနေရာတွေ “လို့အထက်ပါသတင်းရင်းမြစ်ကပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ဇူလိုင် ၂၀ မှာဆွေးနွေးပွဲ သတင်းထုတ်ပြန်ချက်မှာတော့ ဆွေးနွေးပွဲမှတ်တမ်းကို နှစ်ဖက်လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြောင်း၊ ဆွေးနွေးပွဲမှာ စစ်တပ်ရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေး ကြိုးပမ်းမှု အစီအစဉ် ပူးပေါင်းဆောင်ရွက်ရေး၊ဟိုင်ဂင်သဘောတူညီချက် လေးစားလိုက်နာရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာရေး စတာတွေ ဆွေးနွေးခဲ့ကြောင်း​ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

သတင်းဆောင်းပါး

အိန္ဒိယနဲ့မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ကုန်သွယ်မှုအနည်းဆုံးဖြစ်တဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ကနယ်စပ်ဂိတ်ကို အာဏာသိမ်းစစ်တပ်က မကြာမီ ပြန်ဖွင့်တော့မယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေအတွက် လေ့ကျင့်သင်တန်းပေးမှုတစ်ခုကို အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ပူးပေါင်း လုပ်ဆောင်နေကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Facebook