ဇူလိုင်-၂၈၊၂၀၂၆။တာရာ/People’s Spring
အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။
အိန္ဒိယနိုင်ငံ ပို့ဘလဲမြို့မှာ ထိန်းသိမ်းထားတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယအစိုးရက ဇူလိုင် ၂၃ ရက်က လေကြောင်းနဲ့မြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
“ထိုင်းပဲဖြစ်ဖြစ် ၊ဘယ်နိုင်ငံပဲဖြစ်ဖြစ် ၊ပြန်ပို့တဲ့ နိုင်ငံသားတွေကို အိမ်ကိုပြန်မလွှတ်ဘူး။ စစ်မှုထမ်းဖို့ စစ်သင်တန်းကျောင်းကို ပို့တာများတယ်။ ဟိုတနေ့က အိန္ဒိယနိုင်ငံကနေ ပြန်ပို့လိုက်တယ့် ၂၆ ယောက်ကိုလည်း စာရင်းဘာညာသေချာကောက်ပြီး စစ်သင်တန်းကျောင်းကို ပို့လိုက်တာ။ တိုင်းရင်းသားတွေများတယ်။ တချို့ကနိုင်ငံအချင်းချင်းလွှဲပေးလိုက်မှာကိုကြောက်ကြတယ်။ ဘာလို့ဆို အိမ်ကိုပြန်ရတာမဟုတ်ဘူး။ စစ်မှုထမ်းခိုင်းတာ။ ဒီဘက်ကကျတော့ စစ်မှုမထမ်းချင်လို့ သူများနိုင်ငံကိုပြေးသွားတယ်လို့ထင်တာ”လို့ စစ်တပ်နဲ့နီးစပ်သူတဦးကပြောပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်က အဆိုပါလူငယ် ၂၆ ဦးဟာ စစ်မှုထမ်းဖို့ အကျုံးဝင်တယ်ဆိုပြီးစစ်သင်တန်းကျောင်းကို ပို့လိုက်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံထဲမှာ ထိန်းသိမ်းထားတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို လွတ်ရက်စေ့လို့ ရနောင်းဆိပ်ကမ်းကနေတဆင့် မြန်မာဘက်ခြမ်းကို ပြန်ပို့တာတွေရှိပြီး သူတို့ကိုလည်း စစ်အုပ်စုက စစ်တပ်ထဲ တန်းထည့်နေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေကပြောပါတယ်။
နိုင်ငံတစ်ဝန်းတိုက်ပွဲတွေမှာ စစ်မှုထမ်းနဲ့စုဆောင်းထားသူ ၊ပေါ်တာဆွဲထားသူတွေကို စစ်သင်တန်းပို့ပြီး ဆင်းလာတဲ့ ပြည်သူ့စစ် (ပစ)စစ်သားသစ်တွေကို စစ်တပ်ကအဓိကစေလွှတ်ပြီး တိုက်ခိုက်ခိုင်းတာမှာသေဆုံးသူ ဒဏ်ရာရသူ ၊ထွက်ပြေးသူ များနေတာကြောင့် စစ်တပ်က စစ်သားသစ်တွေကို ပုံစံမျိုးစုံနဲ့ အဓမ္မစူဆောင်းနေပါတယ် ။ စစ်သားသစ် အဓမ္မစုဆောင်းခံရပြီး ရှေ့တန်းပို့စစ်တိုက်ခိုင်းတာမှာ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းတဲ့ လူငယ်တွေလည်းများစွာရှိနေပါတယ်။
နိုင်ငံတစ်ဝန်းတိုက်ပွဲတွေမှာ စစ်တပ်က စစ်သားသစ်တွေကိုရှေ့ကနေ အသေခံစစ်တိုက်ခိုင်းနေတာကြောင့် ပြည်သူတွေအနေနဲ့ မိမိတို့ မိသားစုဝင်တွေ စစ်သားသစ်စုဆောင်းမခံရရအောင် ၊ပေါ်တာဆွဲမခံရအောင် ပါးပါးနပ်နပ် နေထိုင်ကြဖို့ တော်လှန်ရေးအဖွဲ့တွေကတိုက်တွန်းထားကြပါတယ်။

















































