ဇူလိုင်-၂၉၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မန္တလေး-ပြင်ဦးလွင်လမ်းမှာ အစီးရေရာချီတဲ့ ဆိုင်ကယ်ဘီးကြီးအုပ်စုလိုက်မောင်းနှင်တဲ့ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့လို့ ဝေဖန်ခံနေရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် မနက်ပိုင်းက မန္တလေးမြို့ကနေ ပြင်ဦးလွင်မြို့ကို အစီးရေရာချီပါဝင်တဲ့ ဆိုင်ကယ်ဘီးကြီးမောင်းသမားတွေရဲ့ အုပ်စုလိုက်မောင်းနှင်ပွဲကြောင့် မန္တလေး-ပြင်ဦးလွင် သွားလာကြတဲ့ ကုန်တင်ယာဥ်တွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ တနိုင်တပိုင် ကုန်ရောင်းချသူတွေ အချိန်အတန်ကြာ ယာဥ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“လမ်းလုံးအပြည့် ဖြန့်မောင်းကြဝာာ။ ဝမ်းရေးအတွက် သွားလာကြတဲ့သူတွေ အကုန်ကားတွေပိတ်လို့ စောင့်လိုက်ရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ပွဲစီစဥ်သူတစ်ဦးကတော့ သူတို့ဟာ အာဏာသိမ်းစစ်တပ်ကို ခွင့်တောင်းပြီးမှသွားတာ ဖြစ်ပြီး လမ်းတလျှောက် ရဲတပ်ဖွဲ့နဲ့ မီးသတ်က လုံခြုံရေးယူပေးတာ၊ လမ်းရှင်းတာတွေ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြင်ဦးလွင်မြို့ရှောင်လမ်းမှာ ဆိုင်ကယ်ဘီးကြီးသမားတွေဟာ အလှပြစီးလေ့ရှိပြီး ယာဥ်တိုက်မှုတွေလည်းဖြစ်ပွားကာ ဆိုင်ကယ်သမားသေဆုံးမှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။
မန္တလေးမြို့မှာတော့ အာဏာသိမ်းစစ်တပ်ဟာ အခြေခံလူတန်းစားတွေ၊ နေ့စားသမားတွေရဲ့ဆိုင်ကယ်တွေကို ဖမ်းဆီးငွေညှစ်တာ၊ အလုပ်သမားနဲ့ ပုဂ္ဂလိကဝန်ထမ်းငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။
















































