သူ့အသက်ကို ခြိမ်းခြောက် ခံရမယ် ဆိုရင်တောင်မှ ဘင်္ဂလားဒေ့ရှ်ကို ဒီနှစ်မကုန်ခင် ကျိန်းသေပေါက် ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်အဖြစ် ၁၅ နှစ်ကျော် တာဝန်ယူခဲ့ဖူးတဲ့ ဟာဆီနာဟာ ကျောင်းသားလူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြမှုတွေကြောင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတုန်းက ရာထူးကနေ နုတ်ထွက်ပြီး အိန္ဒိယကို ထွက်ပြေးသွားခဲ့ရပါတယ်။
သူဟာ ဆန္ဒပြ ပြည်သူတွေကို ပစ်သတ်ဖို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို အမိန့်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဘင်္ဂလားဒေ့ရှ် တရားရုံး တစ်ခုရဲ့ မျက်ကွယ် သေဒဏ် ချမှတ် ခံထားရပါတယ်။
အခုအခါ ဘင်္ဂလားဒေ့ရှ်မှာ ရွေးကောက်ပွဲတွေ ကျင်းပပြီးစီးပြီး အစိုးရသစ် အာဏာရလာပြီ ဖြစ်ပါတယ်။ အဲဒီနောက် အသက် ၇၈ နှစ်အရွယ် ဟာဆီနာက သူဟာ ဒီနှစ်မကုန်ခင် ဘင်္ဂလားဒေ့ရှ်ဆီ ပြန်သွားမယ်လို့ ထုတ်ပြောလာခဲ့ပါတယ်။

Public Service Announcement
အခုသီတင်းပတ်မှာတော့ AFP သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ဟာဆီနာက အဲဒီ ဆုံးဖြတ်ချက်ကို ထပ်လောင်း အတည်ပြုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို ပြန်သွားရင် သူ့အသက်အန္တရာယ်အတွက် စိုးရိမ်စရာ ဖြစ်လာနိုင်ပေမယ့် ဒီဇင်ဘာလ မကုန်ခင် ကျိန်းသေပေါက် ပြန်သွားမယ်လို့ ဟာဆီနာက ဆိုပါတယ်။
သူက အသတ်ခံရနိုင်သလို အဖမ်းခံရပြီး ထောင်ထဲလည်း အပို့ခံရနိုင်ကြောင်း၊ အဲဒီလို ကံကြမ္မာမျိုး ကြုံနိုင်ခြေကို နားလည်ထားပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်ကို ပြန်သွားမှာဖြစ်ကြောင်း၊ ဒါကလည်း သူ့ကို ယုံကြည်ထောက်ခံတဲ့ ပြည်သူတွေက တောင်းဆိုနေလို့ဖြစ်ကြောင်း ဟာဆီနာက ပြောကြားသွားပါတယ်။
၂၀၂၄ ခုနှစ်က ဖြစ်ပွားတဲ့ ဆန္ဒပြပွဲတွေအတွင်း ဟာဆီနာရဲ့ အစိုးရက အင်အားသုံး ဖြိုခွင်းခဲ့မှုတွေကြောင့် လူပေါင်း ၁၄၀၀ လောက် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
မနှစ်က နိုဝင်ဘာလမှာတော့ ဒါကာမြို့တော်က တရားရုံး တစ်ခုက ဟာဆီနာဟာ ဆန္ဒပြ ပြည်သူတွေကို အကြမ်းဖက် ဖြိုခွင်းစေရာမှာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ကြောင်း ထင်ရှားတယ်လို့ ဆုံးဖြတ်ပြီး ကြိုးပေး ကွပ်မျက်ဖို့ မျက်ကွယ် စီရင်ချက် ချမှတ်ခဲ့ပါတယ်။ ဟာဆီနာကတော့ အဲဒီ စီရင်ချက်ဟာ တရားဥပဒေ အရေခြုံထားတဲ့ နိုင်ငံရေး လက်စားချေမှု တစ်ခုသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဟာဆီနာရဲ့ အစိုးရဟာ အာဏာရနေခဲ့ချိန် ကာလတလျှောက်လုံးမှာ ပြိုင်ဘက်တွေကို လုပ်ကြံ သတ်ဖြတ်တာ၊ အတိုက်အခံ အင်အားစုတွေကို ဖိနှိပ်တာ၊ တရားရုံး ဆုံးဖြတ်ချက်တွေကို ခြယ်လှယ်တာ၊ တစ်ဖက်သတ်ဆန်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပစေတာမျိုး နည်းလမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြောင်း စွပ်စွဲထားပါတယ်။
ကိုးကား: AFP
















































