သြဂုတ်- ၃၊၂၀၂၆၊ နိုင်ပကောင်း / People’s Spring
ကရင်ပြည်နယ်၊ ဒေါနတောင်တန်းအရှေ့ခြမ်းမှာဒီနေ့ (သြဂုတ်လ ၃ရက်) မှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ခမရ(၂၀၃)တပ်ရင်းက ဗိုလ်မှူးအဆင့်ရှိ စစ်ကြောင်းမှူးအပါအ၀င် စစ်ကြောင်း တစ်ကြောင်းလုံးနီးပါး ပြုတ်သွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။
KNU ရဲ့အုပ်ချုပ်ရေး နယ်မြေသတ်မှတ်ပုံအရ ဒူးပလာယာခရိုင်(ကြာအင်းဆိပ်ကြီး) ၊ တပ်မဟာ (၆) ရဲ့ နယ်မြေ ဒေါနတောင်တန်းအရှေ့ခြမ်းရှိ မြဝတီမြို့တောင်ဘက်ကလက်လွှတ်ထားရတဲ့နယ်မြေတွေအင်အားအလုံး အရင်းနဲ့ စစ်ကြောင်းထိုးတာပါ။
ဒီနေ့ ( သြဂုတ်လ ၃ ရက်) မှာတော့ စစ်တပ်ရဲ့ တပ်မ ၂၂ လက်အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၂၁၀)၊ ခမရ (၂၀၃) တို့ နဲ့ KNU တပ်ရင်း (၂၈ )တပ်ရင်းမှုး ဒုဗိုလ်မှုးကြီး စောဒါဘော ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်တာပါ။

Public Service Announcement
အဲဒီတိုက်ပွဲမှာ ခမရ (၂၀၃) ရဲ့ ဗိုလ်မှုးအဆင့် စစ်ကြောင်းမှုး ဦးဆောင်တဲ့ စစ်ကြောင်းတစ်ကြောင်းလုံးနီးပါး ပြုတ်သွားခဲ့တာလို့ KNU ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်တာပါ။
နှစ်ဖက်ထိတွေ့ပစ်ခတ်မှုအပြီး စစ်မြေပြင်မှာစစ်တပ် တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေတွေနဲ့ လက်နက်ခဲယမ်းတွေ အများအပြားကျန်ရစ်ခဲ့ပြီး လက်ရှိအချိန်မှာလက်နက်ရှစ် လက်နဲ့ ခဲယမ်းကျည်ဆံအချို့သိမ်းဆည်း ထားနိုင်တယ်လို့ သတင်းထုတ်ပြန်ချက်မှာအသိပေးထားပါတယ်။ ဒါပေမယ့်သိမ်းဆည်းရရှိတဲ့လက်နက် ခဲယမ်းတွေကိုသတင်းဓါတ်ပုံဖော်ပြတာမှာ လက်နက်မျိုးစုံ ၁၀ လက် သိမ်းဆည်းရရှိတာကိုတွေ့ရ့ပါတယ်။
မြဝတီမြို့တောင်ဘက် ရဲကုန်းအနီးတိုက်ပွဲတွေမှာလည်း ဇူလိုင်လအတွင်းမှာပဲစစ်တပ်ရဲ့ စစ်ကြောင်းတွေပျက်အောင်တိုက်ခိုက်ခံခဲ့ရတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။
မှတ်ချက် -ကနဦးသတင်းဖော်ပြချက်မှာ ဒေါနတောင်တန်း အနောက်ခြမ်းလိုမှားယွင်းဖော်ပြမိလို့ အရှေ့ခြမ်းလို့ပြန်လည်ပြင်ဆင်ထားပါတယ်။

















































