“အာရုံအလွဲမခံနဲ့ အချိန်ဆွဲမခံနဲ့ ။ တော်လှန်ရေးဘက်မှာ SCEF ဦးဆောင်ကောင်စီဖွဲ့ပြီ လက်သွက်ခြေသွက်လှမ်းနေပြီ အနိုင်ယူရမည့်အခွင့်အရေးဗျ”
— ဦးမင်းကိုနိုင်
သြဂုတ်-၄၊၂၀၂၆။နေ့သစ်/People’s Spring
နွေဦးတော်လှန်ရေးအတွက် စစ်ရေးမှာ အရေးကြီးဆုံးကာလကိုရောက်နေပြီဖြစ်ပြီး စစ်တပ်တိုက်လေယာဥ်ပျက်ကျသတင်းမှာအောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်ကပြောကြားပါတယ် ။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ICRC ဌာနေကိုယ်စားလှယ် တွေ့ဆုံကြောင်းသတင်းကို အာဏာသိမ်းစစ်တပ်က ထုတ်ပြန်လာတဲ့အပေါ် ဦးမင်းကိုနိုင်ကို မေးမြန်းရာ”ခေါင်းဆောင်ကိုချက်ချင်းမလွှတ်ရဲပါဘူးဆိုတာကျနော်အကြိမ်ကြိမ်ပြောပြီးပြီလေ။ သူတို့သက်ဆိုးရှည်ဖို့သာ အာရုံလွှဲ/အချိန်ဆွဲ/စိတ်ဝမ်းခွဲဖို့ အမျိုးမျိုးအသုံးချဖို့ကြံမှာပဲ “လို့ မှတ်ချက်ပြုပါတယ် ။
“နောက်တခုက မမေးလည်းပြောစမ်းပါရစေတိုက်လေယာဉ်ပျက်ကျသတင်းက အောင်စိတ်အစစ်ပါ။ ဖက်ဆစ်တပ်ကဒီသတင်းကိုလူတွေအားတက်စေမှာမျိုးမလိုလားမှာအမှန်ပဲ ။ဒါကို တခြားသတင်းတွေနဲ့ဖုံးအုပ်တာတွေလာပါမယ် ။တကယ်ဆိုစစ်ရေးကအရေးကြီးဆုံးကာလရောက်နေပြီ၊ ဖက်ဆစ်တပ်ဟာ ဟိုသီချင်းထဲကလိုနေရာတိုင်းမှာအရှုံးကို ရင်ဆိုင် ဖြစ်နေတာ လေကြောင်းတခုထဲအားနဲ့တပြည်လုံးလှည့်တိုက်နေရတာနှစ်ပေါင်းကြာတော့တိုက်လေယာဉ်တွေ လေယာဉ်မောင်းတွေဟာပျံသန်းချိန်တွေမဟာဒယား ကျော်ကုန်ပြီ ၁/တိုက်လေယာဉ်တွေရဲ့ကြံ့ခိုင်ရေးယိုယွင်း၂/မောင်းသူတွေရဲ့စိတ်ရောကိုယ်ပါ ဖိဆီးမှုတွေကြောင့်လေတပ်ကျဆုံးခန်းစတာကိုသူတို့ဖုံးဖိလိမ့်မယ် အာရုံလွှဲလိမ့်မယ် “လို့ရှစ်လေးလုံးအရေးတော်ပုံမှ နွေဦးတော်လှန်ရေးအထိ ပြည်သူနဲ့အတူရပ်တည်ကာစစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမင်းကိုနိုင်ကဆက်ပြောပါတယ်။

Public Service Announcement
“ရခိုင်မှာAAကိုဘယ်မှာနိုင်လို့လဲကြည်း/ရေ/လေပေါင်းလည်း ဖက်ဆစ်အခြေအနေပိုဆိုးနေတာပဲ သူရှုံးတော့မှာ ဒါတွေဖုံးကွယ်ဖို့ အာရုံတွေလွှဲဦးမှာ။ပြည်သူတွေအောင်စိတ်ရပြီး စစ်ရေးကိုစုပေါင်းတွန်းလိုက်ရင်ဘာတွေဖြစ်မလဲ။ နေ့စဉ်ဘဝတွေထဲကြက်ဥတလုံး၇၀၀ကော၊ စုံ/မ ကားနဲ့လောင်စာပြသနာကော၊ စစ်သားသစ်ဖမ်းစု ငွေညှစ်နေတဲ့လူမိုက်ဂိုဏ်းစစ်တပ်ကိုယ်တိုင်ဖွဲ့ပေးပြီးကျူးလွန်ခံနေရတာတွေ ၊ခုရေကြီးအောင် တာတွေဖေါက်ချလို့ဖြစ်ရတဲ့ဘေးဒုက္ခတွေရော အကုန်ပေါင်းရင်ဘာဖြစ်မလဲဖက်ဆစ်သိတာပေါ့ “လို့ ဦးမင်းကိုနိုင်ကလက်ရှိ အခြေအနေအပေါ်သုံးသပ်ပါတယ်။
“ဒါကြောင့်အာရုံအလွဲမခံနဲ့ အချိန်ဆွဲမခံနဲ့ ။ တော်လှန်ရေးဘက်မှာ SCEF ဦးဆောင်ကောင်စီဖွဲ့ပြီ လက်သွက်ခြေသွက်လှမ်းနေပြီ အနိုင်ယူရမည့်အခွင့်အရေးဗျ”လို့ တိုက်တွန်းပြောကြားပါတယ် ။
ဒါ့အပြင်မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီးသြဂုတ် ၃ ရက်မနက်အစောပိုင်းက ပျက်ကျခဲ့တာဟာစစ်တပ်ထုတ်ပြန်သလို လေ့ကျင့်ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ သွားစဥ် ပျက်ကျခဲ့တာဖြစ်ပြီးတစ်ဦးသေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့ကပြောပါတယ်။
“မနက်အစော ရခိုင်ဘက်ကိုသွားတာ။တိုက်လေယာဥ်ကတစ်စင်းထဲတော့မဟုတ်ဘူး။ နှစ်စင်းတတ်သွားတာ။ပြီးတော့မနက်အစောကြီး။ ရာသီဥတုကလည်းသိပ်မကောင်းဘူး။ နောက်တစ်ခုက လေယာဥ်အမှုထမ်းတွေက တောက်လျှောက်မနားရဘူး။ တိုက်ပွဲဖြစ်တဲ့နေရာတွေကိုတောက်လျှောက်သွားနေရတော့ ဒဏ်မခံနိုင်ကြဘူး။ မနက်အစောပိုင်းဆို ငှက်တွကလည်း အိပ်တန်းထနေတဲ့အချိန် တိုက်မိတာနေမှာပေါ့။ငှက်ကအင်ဂျင်ခန်းထဲကိုဝင်သွားတော့ မီးလောင်ပြီးပျက်ကြတာ။ အဲဒီမှာလေယာဥ်မှူးက အရေးပေါ်ခလုတ်နဲ့လေထီဖွင့်ပြီးခုန်ချတော့ အသက်ဘေးကလွတ်တာပေါ့။ အမှုထမ်းကတော့သေတယ်။ လေယာဥ်မှူးကိုတော့ သူတို့စစ်နေတယ်လို့ကြားတယ်” လို့ စစ်တပ်နဲ့နီးစပ်သူတဦးကပြောပါတယ်။
စစ်တပ်လေယာဥ်ဟာ ဘယ်ဒေသကို ဗုံးသွားကြဲရင်းပျက်ကျခဲ့တယ်ဆိုတာကို လူထုနွေဦးအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။ဒါပေမယ့်စစ်တပ်ဟာ အခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် ၊ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ ဧရာဝတီတိုင်း ပဲခူးတိုင်း မကွေးတိုင်းအစပ်ဒေသတွေ နဲ့ ကရင်ပြည်နယ် ၊ချင်းပြည်နယ် ၊မကွေးတိုင်း၊စစ်ကိုင်းတိုင်း ၊ကချင်ပြည်နယ် စတဲ့ ဒေသအနှံကို ဗုံးတွေ ဆက်တိုက်ကြဲနေတာဖြစ်ပါတယ်။
သြဂုတ် ၃ ရက်မနက်မှာဆိုရင် စစ်တပ်ကရခိုင်ပြည်နယ် ၊သံတွဲမြို့နယ် ၊ငပလီကမ်းခြေရှိဂျိတ္တောအမှတ်(၉)ရပ်ကွက် ကိုမနက်၁၀နာရီကျော်ကနေ ၁၁ နာရီနီးပါးထိ မိနစ် ၃၀ ကျော်ကြာတိုက်လေယာဥ် ၄ စီး ၊Y-12 တစ်စီးနဲ့ ဗုံး ဆက်တိုက် ဗုံးကြဲခဲ့ပါတယ်။ လေယာဥ်အုပ်နဲ့ ဗုံး အလုံး ၆၀ ကျော်ကြဲတာကြောင့် အနည်းဆုံးဒေသခံပြည်သူ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ် ။
ဒါ့အပြင် သြဂုတ် ၃ ရက်မှာ ကရင်ပြည်နယ်မှာလည်း တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်တပ်က မြန်မာ-ထိုင်းနယ်စပ်ကို လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏလုပ်နေပါတယ်။ သြဂုတ် ၃ ရက်မှာ စစ်တပ်ရဲ့တပ်မ ၂၂ လက်အောက်ခံ ခမရ (၂၀၃) တပ်ရင်းနဲ့ ခမရ(၂၁၀)တို့ဟာ ဒေါနအရှေ့ခြမ်းမှာ စစ်ကြောင်းထိုးဝင်စဥ် KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေတိုက်ခိုက်မှုကြောင့် စစ်ကြောင်းမှူးအပါအဝင်စစ်ကြောင်းတစ်ခုလုံးပျက်ပြီးလက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ KNU ကလည်းထုတ်ပြန်ပါတယ် ။
People’s Spring စုဆောင်းထားတဲ့အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ တိုက်လေယာဥ်တွေအပါအဝင် လေယာဥ်နဲ့ ရဟတ်ယာဥ် မျိုးစုံအစီးရေ အနည်းဆုံး ၁၄ စီးကို တော်လှန်ရေးတပ်တွေကပစ်ခတ်ဖျက်ဆီးထားသလို၊ အကြောင်းအမျိုးမျိုးကြောင့်ပျက်ကျတဲ့ လေယာဥ် ၊ရဟတ်ယာဥ် အနည်းဆုံး ၈ စီးရှိနေပြီဖြစ်ပါတယ်။

















































