သြဂုတ် ၁၀၊ ၂၀၂၆။ဟာနာဆန်/People’s Spring
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ဝမ်းတွင်းဆည်ရေကြောင့် မြို့ပေါ်နဲ့ ကျေးရွာတွေ ရေကြီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ သြဂုတ် ၁၀ ရက် မနက် ၂ နာရီခန့်ကစပြီး ဝမ်းတွင်းမြို့နယ်မှာ မိုးသည်းထန်စွာ ရွာလို့ ပြုပြင်ထိန်းသိမ်းမှုမရှိတော့တဲ့ ဝမ်းတွင်းဆည်ကနေ ရေတွေ အောက်ပိုင်းရွာတွေဆီ စီးဆင်းလာပြီး ဝမ်းတွင်းမြို့ပေါ်နဲ့ ရေဆုံး၊ သဲတော၊ ညောင်ပင်သာနဲ့ ခင်ကြီးရွာတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။
ဝမ်းတွင်းဆည်ဟာ ရေဝပ်/ရေသိုလှောင် ဧရိယာ မရှိတော့တဲ့၊ ဆည်အင်္ဂါရပ်နဲ့ မကိုက်ညီတော့တဲ့ ဆည်တစ်ခုဖြစ်ကြောင်း၊ ဆည်ရေထိန်းတံခါးဟာလည်း ၁၂ ရာသီဖွင့်ထားရတယ်လို့ Voice Of Wundwin အဖွဲ့က ဆိုပါတယ်။

Public Service Announcement
“ဝမ်းတွင်းဆည်က သုံးစားမရတော့ဘူး။ ဆိုင်းဘုတ်နာမည်ပဲရှိတော့တာ။ မြို့နယ်ထဲမိုးခေါင်နေတာနှစ်လလောက်ရှိပြီ။ မနေ့ညကကတခါလေးရွာလို့အပေါ်ကဆင်းလာတဲ့ရေတွေကိုလှောင်ထည့်ထားစရာ နေရာမရှိ။ လှောင်ထားစရာနေရာမရှိတော့ အဲ့ဆည်အထက်ပိုင်းလည်းကြီးအောက်ပိုင်းလည်းကြီး”လို့ Voice Of Wundwin အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါရေကြီးမှုကြောင့် ဝမ်းတွင်းမြို့မစျေးနဲ့ သဲတောစျေးအပါအဝင် စျေးအနီးရပ်ကွက်တွေ ရေမြုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာအုပ်စုရှိ ကင်းတားတာပေါင် ပေ(၁၅၀)ခန့်ကျိုးပျက်ပြီး မကျီးအုပ်ကျေးရွာအတွင်းကိုလည်း ရေဝင်ရောက်နေကြောင်း သိရပါတယ်။
နိုင်ငံအထက်ပိုင်းဒေသတွေမှာ နေ့စဉ် ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းတာ၊ ဆည်ရေတွေ ဖောက်ထုတ်တာကြောင့် ရေကြီးရေလျှံကာ စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းတို့က မြို့နယ်ပေါင်း ၁၅ ခုမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေပြီး လူဦးရေ ၄၁၄,၈၄၃ ဦးခန့် ရေဘေးသင့်နေကြောင်း လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက အသိပေးပါတယ်။
ရေဘေးကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ စုစုပေါင်း ၁၆ ဦး၊ ပျောက်ဆုံးသူ ၂ ဦး၊ ဒဏ်ရာရ ၆၁ ဦးရှိပြီး နေအိမ်တွေရေနစ်မြုပ်တာ၊ စိုက်ပျိုးမြေဧက ထောင်ပေါင်းများစွာ ရေလွှမ်းမိုးတာ၊ ချောင်းကူးတံတားတွေ ပျက်စီးတာတွေ ဖြစ်ပွားခဲ့တယ်လို့ အထက်ပါဌာနက အသိပေးထားပါတယ်။


















































