ဩဂုတ် ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
မိုင်းလားတပ်ဖွဲ့(NDAA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။
ဩဂုတ် ၁၀ရက်က ပြုလုပ်ခဲ့တဲ့ အဲဒီ တွေ့ဆုံပွဲကို မိုင်းလားတပ်ဖွဲ့ဘက်က ဥက္ကဋ္ဌ ဦးထိန်လင်း ဦးဆောင်တဲ့ အဖွဲ့တက်ရောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ မိုင်းလားဒေသကို မြင့်မားတဲ့ အဆင့်အတန်းတခုရောက်အောင် ညှိနှိုင်းဆွေးနွေးသွားမယ်လို့ စစ်တပ်ဘက်က ဒုဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားကြောင်း ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြပါတယ်။ တဖက်နဲ့တဖက်လိုလားချက်တွေ ပြေလည်အောင် ညှိနှိုင်းပေးမယ်လို့လည်း စစ်ကောင်စီဘက်က အသိပေးပါတယ်။

Public Service Announcement
မိုင်းလားဥက္ကဋ္ဌ ဦးထိန်လင်းကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူးရယူခဲ့မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။
မိုင်းလားတပ်နဲ့ စစ်တပ်တို့ဟာ ဇွန်လအတွင်းကလည်း မိုင်းလားဒေသမှာ တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီလို တွေ့ဆုံစဉ် တိုင်းရင်းသားအဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးဟာနိုင်ငံရေးရည်မှန်းချက်ကို စွဲမြဲစွာဆုပ်ကိုင်ထားကြောင်းရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄)လို့ ခေါ်ဆိုတဲ့ မိုင်းလားတပ်ဖွဲ့(NDAA)က မိုင်းလားဒေသကိုလာတဲ့ စစ်တပ်ကိုယ်စားလှယ်အဖွဲ့ကို အသိပေးခဲ့ပါတယ်။
မိုင်းလားတပ်ဟာ စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်ပွားမှု မရှိတဲ့ လက်နက်ကိုင်တပ်ဖြစ်ပါတယ်။
စစ်တပ်ဟာ တိုက်ပွဲမဖြစ်တဲ့ အဖွဲတွေခေါ်ယူ ပြီး ငြိမ်းချမ်းရေးဆွေးနွေးနေသလိုပဲ နိုင်ငံတဝန်း ဒေသအသီးသီးမှာလည်း အရပ်သားတွေကိုပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေတာဖြစ်ပါတယ်။။


















































