သြဂုတ် ၁၂၊ ၂၀၂၆။ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ရေကြီးမှုကြောင့် စိုက်ပျိုးဧကပေါင်း ၈၀၀ ကျော် ပျက်စီးနိုင်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
ခင်ဦးမြို့နယ်မှာ ရေကြီးတဲ့ရွာ ၂၂ ရွာရှိပြီး ရေဝင်စိုက်ပျိုးဧက ပျက်စီးမှုဟာ ၁ရွာမှာ အနည်းဆုံး ၄၀ဧကနဲ့ စုစုပေါင်း ဧက ၈၀၀ ကျော် ပျက်စီးနိုင်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
မြေပြင်မှာ ယခုစာရင်းထက်ပိုများနိုင်ပြီး အတိအကျ ထပ်မံအသိပေးမယ်လို့ အထက်ပါအဖွဲ့က ပြောပါတယ်။ “လယ်ယာစပါး သီးနှံအစုံ ပျက်စီးတာပါ”လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
ခင်ဦးမြို့နယ်ဟာ ရေဘေးသင့်ပြည်သူ ၃၃၉၄၀ ဦးရှိပြီး စစ်ကိုင်းတိုင်းမှာ ဒုတိယအများဆုံးဖြစ်ကြောင်း၊ ပြည်သူ ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရပြီး အိမ်မွေးတိရစ္ဆာန်တွေက နွားတွေနဲ့ ဝက်၊ကြက်၊ဘဲတွေအပါအဝင် အကောင် ၁၀၀ကျော် ဆုံးရှူံးခဲ့ကြောင်း အထက်ပါအဖွဲ့က အသိပေးပါတယ်။
ဒီကနေ့မှာ ခင်ဦးနယ်အနောက်ခြမ်းရေဝင်ဒေသအားလုံး ရေမျက်နှာပြင် သိသ်သာသာ ကျနေပြီ ဖြစ်ပေမယ့် စားသောက်နေထိုင်ဖို့ အခက်အခဲတွေ ရှိနေတာကြောင့် ကူညီထောက်ပံ့မှုတွေလည်း လိုအပ်နေဆဲဖြစ်ကြောင်း သိရပါတယ်။
ရွှေဘိုခရိုင်က အခြား ရေကြီးဒေသတွေရဲ့ ပျက်စီးဆုံးရှုံးတဲ့ စိုက်ပျိုးဧကအရေအတွက်ကိုတော့ ကောက်ယူနေဆဲ ဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
ရေဘေးဒဏ် အဆိုးဆုံးရင်ဆိုင်နေရတဲ့ စစ်ကိုင်းတိုင်းမှာ ရေဘေးကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦးပျောက်ဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သြဂုတ် ၁၁ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
သဖန်းဆိပ်ဆည်က ရေလွှတ်တာ၊ မိုးသည်းထန်စွာရွာသွန်းတာတွေကြောင့် သဖန်းဆိပ်ဆည်အောက်ဘက် မူးမြစ်ကမ်းတလျှောက်မြို့နယ်တွေမှာ သြဂုတ် ၆ ရက်ကစပြီး ရေဘေးရင်ဆိုင်နေရတာဖြစ်ပါတယ်။
ရေဘေးကြောင့် သေဆုံးသူအရေအတွက်ဆက်တိုက်တိုးနေရာ NUGရဲ့ သြဂုတ် ၁၁ ရက် စာရင်းတွေအရ ကျွန်းလှမြို့နယ်မှာ ၈ ဦး၊ ဒီပဲယင်းမြို့နယ်မှာ ၇ ဦး၊ ကောလင်းမြို့နယ်မှာ ၃ ဦးသေဆုံး၊ ၂ ဦးပျောက်ဆုံး၊ တန့်ဆည်မြို့နယ်မှာ ၂ ဦး၊ ရွှေဘိုမြို့နယ်မှာ မှာ ၁ ဦး၊ ကန့်ဘလူမြို့နယ်မှာ ၁ ဦး၊ ခင်ဦးမြို့နယ်မှာ ၁ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ တန့်ဆည်မြို့နယ်မှာပဲ အမျိုးသမီးတစ်ဦးအပါအဝင်ရေဘေးကြောင့် ပြည်သူ ၄ဦးသေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သြဂုတ် ၁၁ ရက်မှာ ပြောပါတယ်။
အလားတူ ကောလင်းမြို့နယ်မှာ CDM ကျောင်းဆရာတစ်ဦးအပါအဝင် ရေဘေးကြောင့် သေဆုံးသူ ၆ဦးရှိပြီး ပျောက်ဆုံးနေသူ ၂ ဦးရှိတယ်လို့ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါကြောင့် သေဆုံးသူ အရေအတွက်တိုးလာဖို့ ရှိနေပါတယ်။
စစ်ကိုင်းတိုင်းမှာ မြို့နယ် ၁၃ မြို့နယ်မှာ ရေကြီးရေလျှံနေပြီး ရေသင့်ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိနေပါတယ်။ ဒါ့အပြင် ကလေးနဲ့ မြောင်မြို့နယ်ရှိ ရွာအချို့မှာ ရေဝင်ရောက်နေတဲ့အတွက် အခြေအနေကို ဆက်လက်စောင့်ကြည့်ပြီး လိုအပ်သလို အရေးပေါ် တုံ့ပြန်မှုလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

















































