ဩဂုတ်-၁၅ ၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်က ဂန့်ဂေါခရိုင်စစ်ဌာနက ဇူလိုင် ၂၉ ရက်ကနေ ဩဂုတ် ၁ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ဆောမြို့တွင်းကနေ လောင်းရှည်မြို့ဘက်ကို စစ်ကူထွက်လာတဲ့စစ်တပ်စစ်ကြောင်းကို ဟန့်တား တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်စစ်ကြောင်း အထိနာပြီး ရှေ့မတိုးနိုင်ဘဲ လန်ကျသွားခဲ့တဲ့အပြင် ခမရ (၅၇၃) တပ်ရင်းက တပ်သား နေမင်းထွန်း ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး MA1 သေနတ် ၁လက် ကျည်ခဲယမ်းတွေ သိမ်းရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement


ဒါ့အပြင် အဲဒီစစ်ကြောင်းက ထပ်မံ အင်အားဖြည့်ပြီးပြန်လည် ထိုးစစ်ဆင်လာတာကို ခုခံတိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း MA1 သေနတ် ၁ လက်နဲ့ ဖုန်း ၁ လုံးကို ထပ်မံ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။
စစ်တပ်စစ်ကြောင်း အထိနာပြီး ရှေ့မတိုးနိုင်ဘဲရှိတာကြောင့် တပ်ရင်းတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းခဲ့ချိန်မှာ RPG7 အဖူး ၁၄ ခု နဲ့ ဆက်စပ်ပစ္စည်းတွေ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေး ဆောင်ရွက်နေမှုကာလအတွင်း စစ်ကောင်စီတပ်သားတွေ ဘက်ပြောင်းခိုလှုံလာပြီး ကောင်းစွာ ထိန်းသိမ်းထားရှိကာ နေရပ်ပြန်လိုသူတွေကို မိသားစုဝင်တွေနဲ့ချိတ်ဆက် လွှဲပြောင်းပို့ဆောင်ပေးနေတယ်လို့လည်း အသိပေးပါတယ်။
မကွေးတိုင်း၊ ဆော – လောင်းရှည် လမ်းပိုင်းကို စစ်တပ်က ၄ ကြိမ်ထက်မနည်း ထိုးစစ်ဆင်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ခုခံနိုင်ခဲ့ပြီး စစ်သုံ့ပန်းနဲ့ အလင်း၀င်များစွာ ရှိနေတယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူကိုဇင်ကို၀င်းက ဩဂုတ် ၉ ရက်မှာ သူရဲ့လူမှုကွန်ရက်ကတဆင့် ပြောထားပါတယ်။
လက်ရှိ အချိန်ထိလည်း လူ ၊လက်နက်အင်အား အမြောက်အများအသုံးပြုတဲ့ စစ်တပ်ရဲ့ ထိုးစစ်ကို ဆော – လောင်းရှည် လမ်းမကြီးပေါ်မှာဘဲ ရအောင်ကာကွယ်နေတယ်လို့လည်း အသိပေးပါတယ်။
ဇူလိုင် ၁၆ ရက်က လောင်ရှည်မြို့ကနေ ဆောမြို့ကို အင်အား ၃၀၀ ခန့်နဲ့ တပ်မ (၉၉)က စစ်ကြောင်းထိုးခဲ့တာဖြစ်ပေမယ့် PDF ခရိုင်စစ်ဌာနနဲ့ တပ်ရင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာခဲ့ရပါတယ်။
ဒါ့အပြင် ဇူလိုင် ၂၅ ရက်ကလည်း အင်အား(၁၈၀) ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းက လေကြောင်းပစ်ကူယူပြီး မြေပြင်၊ဝေဟင် ထိုးစစ်နဲ့ ဒုတိယအကြိမ် ထိုးစစ်ဆင်ခဲ့ပေမယ့် မကွေးတိုင်းစစ်ဌာန တပ်ရင်းတပ်ဖွဲ့တွေ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး ထပ်မံဆုတ်ခွာသွားခဲ့တယ်လို့ မကွေးတိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဇူလိုင် ၂၈ ရက်က ကနဦး ထုတ်ပြန်ထားဖူးပါတယ်။
အဲဒီဆုတ်ခွာသွားတဲ့ စစ်ကြောင်းတွေကို လိုက်လံတိုက်ခိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးမှာ လက်နက်ခဲယမ်းတွေ၊ ရိက္ခာတင်ကား (၃) စီး၊ ရိက္ခာတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးထားပါတယ်။
စစ်ဆင်ရေးလုပ်ငန်းတွေကို မကွေးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုအောက်ကနေ ဆောင်ရွက်နေပြီး တပ်ဖွဲ့ဝင်တွေကို တတ်စွမ်းသရွေ့ ကူညီဖေးမဖို့လည်း ဂန့်ဂေါခရိုင်စစ်ဌာနက မေတ္တာရပ်ခံထားပါတယ်။
မေလ ဒုတိယပတ်ကစပြီး ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၂၄) နဲ့ လောင်းရှည်မြို့အခြေစိုက် ကပစ(၂၅) ကနေ စစ်တပ်က စစ်ကြောင်း ၂ခုသုံးပြီး ပေါက်မြို့ကတဆင့် ကျောက်ထုမြို့ နဲ့ လောင်းရှည်ကတဆင့် ဆောမြို့အတွင်း ဝင်ရောက်ခဲ့ပါတယ်။
ကျောက်ထုက စစ်ကြောင်းဟာ မင်းတပ်မြို့ကို ဦးတည်စစ်ဆင်နေပြီး ဆောမြို့က စစ်ကြောင်းက ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုအရ ချင်းတောင်ပိုင်း ထိုးစစ်ကို စစ်တပ်က တပ်မ (၅၅)၊ (၈၈) ၊ (၉၉) နဲ့ (၁၀၁) က ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား ၂၀၀၀ ၀န်းကျင်အထိ အသုံးပြုထားတယ်လို့ သိရပါတယ်။
(ဆောမြို့နယ်တိုက်ပွဲတွေမှာ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာသူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂန့်ဂေါခရိုင်စစ်ဌာန)

















































