သြဂုတ်-၂၁၊ ၂၀၂၆။ဟာနာဆန်/People’s Spring
စစ်တပ်ကပေးလိုက်တဲ့ ဆုတံဆိပ်တွေ ထုတ်ပြလေ့ရှိတဲ့ စစ်မှူထမ်းပြန် အမျိုးသားတစ်ဦး ဘဝပျက်နေလို့ အကူအညီပေးကြဖို့ စစ်တပ်ထဲက အရာရှိတွေကိုအမည်တပ်ပြီး တောင်းဆိုလိုက်ပါတယ်။
မကြာသေးမီက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာတဲ့ဗီဒီယိုဖိုင်တစ်ခုအရ၊ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၂) တွင် ပါဝင်ခဲ့ပြီး ရခိုင်ပြည်နယ်၊ ကျောက်ဖြူနဲ့ စစ်တွေရှိ ခမရ (၅၄၂)မှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ဆိုသူ အမျိုးသားတစ်ဦးဟာ စစ်မှုထမ်းပြီး ပြန်လာချိန်မှာသူရဲ့နေအိမ်နဲ့ မိသားစုအခြေအနေတွေကြောင့် အလွန်အမင်း စိတ်ထိခိုက်ကြေကွဲနေရကြောင်း ပြောဆိုခဲ့တာပါ။
“ခမရ (၅၄၂) ရခိုင် ကျောက်ဖြူ စစ်တွေက ပြန်လာတာ ခုဆို ၃ လလောက်ရှိပြီ။ ၃ လလောက်ရှိတဲ့အချိန်မှာ ရွာရောက်တော့ နေရတဲ့ အိမ်လေးကို ကြည့်ပါ၊ ဒီမှာလာကြည့်ပါ။ ရှိတဲ့အဖေအမေတွေကလည်း မရှိတော့ဘူး သေကုန်ပြီ။ဒီမှာတွေ့လား စစ်သားကြီး ကလေးတွေနဲ့ တိုင်ပတ်နေတာ။ စစ်သားတိုင်ပတ်နေပြီ။ ကူညီကြဦး..ကူညီကြဦး၊ ကျနော့်ကို နည်းနည်း ကူညီကြဦး၊ ကျွန်တော် ရင်ထဲအတော်ခံစားနေရလို့၊ ကြေကွဲဝမ်းနည်တဲ့ အချိန်က အများကြီးပေါ့၊”လို့ အထက်ပါအမျိုးသားက ပြောဆိုထားပါတယ်။

Public Service Announcement
၎င်းဟာ ၎င်းနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ကြီး ကောင်းမြတ်ဟိန်း၊ ဗိုလ်ကြီး ဝေလင်းစိုး၊ ဗိုလ်ကြီး ရန်နိုင်ဟိန်း စတဲ့အာဏာသိမ်းစစ်တပ်ကအရာရှိတွေ၊ အဘတွေနဲ့ အဘကတော်တွေကိုလည်း သတိရကြောင်းဆိုပါတယ်။
“ဗိုလ်ကြီး ကောင်းမြတ်ဟိန်း၊ ဗိုလ်ကြီး ဝေလင်းစိုး၊ ဗိုလ်ကြီး ရန်နိုင်ဟိန်း၊ ကျွန်တော့်အဘလေး။ ကျွန်တော့်အဘ အမတို့ကိုလည်း အမြဲတမ်း သတိရနေပါတယ်၊ စိတ်တွေညစ်၊ အိမ်ရောက်လာတော့ ဒီလိုတွေ ဖြစ်နေတာကို ဘဝတော့ ပျက်နေပြီ”လို့ ပြောဆိုခဲ့ပါတယ်။
သို့ပေမဲ့ ၎င်းအမျိုးသားဟာ နောင်တရပုံမရဘဲ တပ်ထဲကို မရောက်၊ရောက်အောင်ပြန်လာခဲ့မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
၎င်း စစ်မှုထမ်းပြန်အမျိုးသားဟာ စစ်တပ်ကပေးလိုက်တဲ့ စစ်မှုထမ်းပြီးစီးကြောင်း လက်မှတ်နဲ့ ဆုတံဆိပ်တွေကိုထုတ်ကာ မကြာခဏ Tiktok ရိုက်လေ့ရှိပြီး စစ်တပ်နဲ့တိုက်ပွဲဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဆဲဆိုလေ့ရှိပါတယ်။ ၎င်းဟာ တပ်ထဲက ထွက်ခဲ့ပြီဖြစ်ပေမယ့် နေအိမ်မှာ စစ်ဝတ်စုံနဲ့ Tiktok တွေ ဆက်လက်ရိုက်ကူးနေတာ တွေ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းတွေကိုသတ်မှတ်ထားတဲ့ စစ်မှုထမ်းကာလ ပြီးဆုံးပါက အစိုးရဌာနဆိုင်ရာတွေမှာ နိုင်ငံ့ဝန်ထမ်းအဖြစ် ဦးစားပေး ခန့်အပ်ပေးမယ် ၊စစ်ဘက်ဆိုင်ရာ ကုမ္ပဏီတွေ၊ စက်ရုံတွေနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ အလုပ်အကိုင်နေရာ ချထားပေးမယ်လို့ မက်လုံးပေး ဝါဒဖြန့်တာလုပ်ကြပေမဲ့ လက်တွေ့မှာတော့ စစ်မှုထမ်းပြန်တွေဟာ အလုပ်အကိုင်ရရှိဖို့တောင် ခက်ခဲနေပါတယ်။ ဒါ့အပြင် စစ်တပ်က ပြန်လာရင် ပန်းကုန်းတွေစွပ် ကြိုဆိုကြတယ်လို့ ဝါဒဖြန့်ကြပေမယ့် လက်တွေ့မှာတော့ ယိုင်တိယိုင်နဲ့အိမ်မှာ ကလေးတွေနဲ့ အလုပ်မရှိလို့ ဒုက္ခရောက်နေရပါတယ်လို့ စစ်မှုထမ်းစစ်သားသစ်ကဖွင့်ဟလာတာဖြစ်ပါတယ် ။
စစ်တပ်က ၂၀၂၄ ဖေဖော်ဝါရီလကစပြီးစစ်မှုမထမ်းမနေရ ဥပဒေကျင့်သုံးပြီးစစ်သားသစ်စုဆောင်းတာ ၊ပေါ်တာဆွဲတာတွေလုပ်ခဲ့ပါတယ် ။လူငယ်အများစုက စစ်မှုမထမ်းချင်လို့နည်းမျိုးစုံနဲ့ရှောင်ကြပေမယ့် အချို့ကတော့ လိုလိုချင်ချင်စစ်ထဲဝင်ခဲ့တာတွေလည်းရှိပါတယ်။စစ်တပ်က စစ်မှုထမ်းစစ်သားသစ်တွေကိုအဓိကသုံးပြီး ၂၀၂၅ ၊၂၀၂၆ တိုက်ပွဲတွေမှာတိုက်နေပြီး သေဆုံး ဒဏ်ရာရတာ၊ထွက်ပြေးတာ ၊ တော်လှန်ရေးဘက်အလင်းဝင်တာတွေလည်း ရှိပါတယ် ။
မကြာသေးခင်ကမန္တလေးမြို့မှာစစ်မှုထမ်းပြန်စစ်သားသစ်က သူ့ကိုစစ်ထဲထည့်ထဲ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးကိုဓါးနဲ့ထိုးခဲ့ပါတယ် ။


















































