မြန်မာနိုင်ငံသား အမှုထမ်းတွေပါ လိုက်ပါလာတဲ့ ကုန်တင်သင်္ဘောတစ်စီး အိန္ဒိယ ကမ်းလွန်ရေပြင်မှာ နစ်မြုပ်ခဲ့ပြီး လူ ၂၂ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။
ဩဂုတ်လ ၂၃ ရက်နေ့ကတုန်းက အိန္ဒိယ အရှေ့ဖက် ကမ်းလွန်ရေပြင်မှာ သင်္ဘော နစ်မြုပ်မှု ဖြစ်ခဲ့တာလို့ အိန္ဒိယ ရေတပ်က ထုတ်ပြန်ပါတယ်။
ပနားမားအလံ လွှင့်ထူထားတဲ့ MV Ocean Winner သင်္ဘောဟာ အိန္ဒိယနိုင်ငံ၊ ဩရိသပြည်နယ်မှာရှိတဲ့ ပါရာဒစ်ပ် ဆိပ်ကမ်းက ထွက်ခွာလာပြီး စင်ကာပူနိုင်ငံဆီ ဦးတည် ခုတ်မောင်းနေချိန် နစ်မြုပ်ခဲ့တာပါ။
အိန္ဒိယနိုင်ငံ၊ ဝိသာခါပတ္တနမ်မြို့ရဲ့ အရှေ့ဖက် ကီလိုမီတာ ၇၀၀ လောက်အကွာ ရေပြင်မှာ ဒုက္ခကြုံနေကြောင်း သင်္ဘောဆီက အချက်ပြ အကူအညီ တောင်းခံမှုကို ရရချင်း ကမ်းခြေစောင့်တပ်နဲ့ ပူးပေါင်းပြီး ကယ်ဆယ်ရေး မစ်ရှင်ကို စတင်ခဲ့ကြောင်း ရေတပ်က ပြောပါတယ်။

Public Service Announcement
သင်္ဘောသား စုစုပေါင်း ၂၄ ဦးထဲက ၂ ဦးကိုပဲ ကယ်ဆယ်ရရှိထားပြီး ပျောက်ဆုံးနေသူ ၂၂ ဦးကို ရေတပ်ရဲ့ လေယာဉ်တစ်စီးက လိုက်လံ ရှာဖွေနေပါတယ်။ အလားတူ ကမ်းခြေစောင့်တပ်ရဲ့ ရေယာဉ် ၃ စီးကိုလည်း အဲဒီနေရာ တဝိုက်မှာ ဖြန့်ကျက်ထားပါတယ်။
လေယာဉ်ကနေ အသက်ကယ် ဖောင်တချို့ကို ရှာတွေ့ခဲ့ပြီး အကြောင်းကြားခဲ့တာကြောင့် အနီးမှာရှိတဲ့ MT Aisopos ဆိုတဲ့ သင်္ဘောက အဲဒီဖောင်တွေပေါ်မှာ ရှိနေသူ ၂ ဦးကို သွားရောက် ဆကယ်ဆယ်ခဲ့ပါတယ်။
သင်္ဘောပေါ်မှာ လိုက်ပါလာသူတွေက တရုတ် ၂၀၊ မြန်မာ ၃ ဦးနဲ့ ဘင်္ဂလားဒေ့ရှ် ၁ ဦးတို့ ဖြစ်ပါတယ်။ ကယ်ဆယ်ထားသူ ၂ ဦးက ဘယ်နိုင်ငံသားတွေလဲ ဆိုတာကိုတော့ အိန္ဒိယက မထုတ်ပြန်သေးပါဘူး။
သင်္ဘောနစ်မြုပ်ရတဲ့ အကြောင်းရင်းကိုလည်း မသိရသေးဘဲ လတ်တလောမှာတော့ ပျောက်ဆုံးနေသူတွေကို ရှာဖွေ ကယ်ဆယ်ဖို့ပဲ အာရုံစိုက်ထားကြောင်း သိရပါတယ်။
ကိုးကား: AFP


















































