Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆိုမာလီယာ ပင်လယ်ဓားပြတွေ သိမ်းယူထားတဲ့ ရေယာဉ်ကို ဝင်စီးချိန် မြန်မာ အပါအဝင် သင်္ဘောသား ၅ ဦးသေဆုံး

ဆိုမာလီယာ ပင်လယ်ဓားပြတွေ သိမ်းယူထားတဲ့ ရေနံတင် သင်္ဘော တစ်စီးကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြန်လည် စီးနင်းရယူတဲ့ စစ်ဆင်ရေးအတွင်း မြန်မာ ၁ ဦး အပါအဝင် သင်္ဘောသား ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty Images

ဆိုမာလီယာ ပင်လယ်ဓားပြတွေ သိမ်းယူထားတဲ့ ရေနံတင် သင်္ဘော တစ်စီးကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြန်လည် စီးနင်းရယူတဲ့ စစ်ဆင်ရေးအတွင်း မြန်မာ ၁ ဦး အပါအဝင် သင်္ဘောသား ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့က စစ်ဆင်ရေးမှာ ပင်လယ်ဓားပြတွေ ဖမ်းဆီးထားသူ ၁၇ ဦးထဲမှာ ၅ ဦးက ထွက်ပြေးသွားတဲ့ ပင်လယ်ဓားပြတွေ ပစ်ခတ်လို့ သေဆုံးခဲ့ပါတယ်။ နောက်ထပ် သင်္ဘောသား ၄ ယောက်လည်း ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ပါလာအူအလံ လွှင့်ထူထားတဲ့ MT Hoarner 25 ရေယာဉ်ဟာ ဧပြီ ၂၁ ရက်နေ့တုန်းက ဆိုမာလီယာနိုင်ငံရဲ့ မြို့တော် မိုဂါဒစ်ရှူးဆီ ဦးတည် ခုတ်မောင်းနေချိန်မှာ ပင်လယ်ဓားပြတွေရဲ့ စီးနင်း သိမ်းယူမှုကို ခံခဲ့ရပြီး ရေယာဉ် အမှုထမ်းတွေလည်း အဖမ်းခံထားခဲ့ရပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့မှာတော့ ဆိုမာလီယာနိုင်ငံရဲ့ ပွန့်တလန်းဒေသ အခြေစိုက် ရဲတပ်ဖွဲ့ရဲ့ အထူးတပ်ဖွဲ့ဝင်တွေဟာ ဘန်ဒါဘေလာမှာရှိတဲ့ ပင်လယ်ဓားပြတွေရဲ့ စခန်းကို ဝင်ရောက်စီးနင်းတဲ့ ကယ်ဆယ်ရေး မစ်ရှင်ကို အကောင်အထည် ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နှစ်ဖက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ပင်လယ်ဓားပြ ၁၆ ဦးဟာအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ သင်္ဘောသားတွေထဲက ပါကစ္စတန် ၃ ဦး၊ အိန္ဒိယ ၁ ဦးနဲ့ မြန်မာ ၁ ဦးတို့ကတော့ သေဆုံးသွားပါတယ်။ ဒဏ်ရာရသူတွေကတော့ ပါကစ္စတန် ၃ ဦးနဲ့ အိန္ဒိယသား ၁ ဦးပါ။

သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသားဟာ အင်ဂျင်နီယာချုပ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး နာမည်ကိုတော့ မသိရသေးပါဘူး။ ထွက်ပြေးသွားတဲ့ ပင်လယ်ဓားပြတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အပူတပြင်း လိုက်ရှာနေပါတယ်။

ဆိုမာလီယာမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုအဖြစ် ရပ်တည်နေတဲ့ ပွန့်တလန်းရဲ့ အာဏာပိုင် တချို့က ပင်လယ်ဓားပြတွေ ထွက်ပြေးလွတ်မြောက်အောင် ကူညီပေးခဲ့ကြောင်း စွပ်စွဲမှုတချို့ ရှိနေပေမယ့် ဒေသဆိုင်ရာ အစိုးရရဲ့ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ကွာဘိုဆာဒီက ငြင်းဆိုခဲ့ပါတယ်။

ရေနံ စည်ပေါင်း ၁၈၅၀၀ တင်ဆောင်သွားတဲ့ သင်္ဘောကို ပင်လယ်ဓားပြတွေက ဘယ်လို သိမ်းယူခဲ့သလဲ၊ သင်္ဘောသား ၅ ယောက် ဘယ်လိုဘယ်ပုံ သေဆုံးခဲ့သလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုလည်း တာဝန်ရှိသူတွေက မထုတ်ပြန်သေးပါဘူး။

သင်္ဘောကုမ္ပဏီရဲ့ စာရင်းတွေအရ အမှုထမ်း ၁၇ ဦးထဲမှာ မြန်မာ ၁ ဦးသာ ပါဝင်ခဲ့ပြီး ပါကစ္စတန်က ၁၀ ဦး၊ အင်ဒိုနီးရှား ၄ ဦး၊ အိန္ဒိယ ၁ ဦးနဲ့ သီရိလင်္ကာက ၁ ဦးတို့ လိုက်ပါခဲ့ကြောင်း သိရပါတယ်။

ဆိုမာလီယာ ကမ်းလွန်ရေပြင်ဟာ ပင်လယ်ဓားပြတွေ ထူပြောမှုကြောင့် အကြီးအကျယ် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ဖူးပေမယ့် နိုင်ငံတကာ ညွန့်ပေါင်းရေတပ်တွေရဲ့ တုံ့ပြန်မှုကြောင့် ၂၀၁၁ နောက်ပိုင်း ဓားပြမှုတွေ သိသိသာသာ ကျဆင်းသွားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ပင်လယ်ဓားပြတွေ တကျော့ပြန် ခေါင်းထောင်လာနေကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံသား အမှုထမ်းတွေပါ လိုက်ပါလာတဲ့ ကုန်တင်သင်္ဘောတစ်စီး အိန္ဒိယ ကမ်းလွန်ရေပြင်မှာ နစ်မြုပ်ခဲ့ပြီး လူ ၂၂ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

ရုရှားနဲ့ ဆက်စပ်တဲ့ ရေနံတင်သင်္ဘောတစ်စီးကို အက်စ်တိုးနီးယားက ကြားဖြတ်ဖမ်းဆီးထိန်းသိမ်းခဲ့ရာမှာ မြန်မာသင်္ဘောသားတွေပါ အဖမ်းခံထားရကြောင်း သိရပါတယ်။