ဩဂုတ် ၂၄၊ ၂၀၂၆ ။ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အာရက္ခတပ်တော်(AA)ရဲ့ မြေပြင်ထိုးစစ်တွေနဲ့ ရင်ဆိုင်နေရချိန် ရှေ့တန်းတပ်ရင်းတွေနဲ့ တပ်စခန်းတွေကို အာဏာသိမ်းစစ်တပ်က အင်အားရာချီထပ်ဖြည့်နေသလို ဒေသခံရိုဟင်ဂျာတွေ ဖမ်းဆီးပြီး စစ်သင်တန်းပေးနေတယ်လို့ သတင်းရရှိပါတယ်။
စစ်တွေမြို့ရဲ့ မြောက်ဘက်အစွန်ဆုံးမှာရှိတဲ့ ပါဒလိတ်တပ်ရင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)အနီးမှာ ရှိတဲ့ နာရီကန်တပ်ရင်းနဲ့ မြို့အနောက်ဘက်က ရေချမ်းပြင်အနီးတပ်ရင်းတွေကို ယခုရက်ပိုင်းမှာ အင်အားဖြည့်နေတာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
“တပ်ရင်းတခုကို အင်အား နှစ်ရာ၊ နှစ်ရာကျော်လောက်ထိ ပို့နေတယ်။ ငါးရက်လောက်ဆက်တိုက် စစ်ကားတွေမှာ လူအပြည့်နဲ့ ပို့နေတာပါ။ နာရီကန်တပ်ကို အများဆုံးပို့တယ်ပြောတယ်။ တပ်မိသားစုတွေဆီကတဆင့် ကြားရတာ။ မြို့ထဲမှာလည်း အင်အားတော်တော်ဖြန့်ထားတယ်” လို့ စစ်ရေးနဲ့နီးစပ်တဲ့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။

Public Service Announcement
စစ်တပ်ဟာ ရန်ကုန်မြို့ကနေ စစ်သင်္ဘော၊ ကုန်တင်သင်္ဘောတွေနဲ့ စစ်တွေမြို့ဆီ လက်နက်ခဲယမ်း၊ အင်အားပို့ပြီး အဲဒီကနေတဆင့် ရှေ့တန်းတပ်ရင်းတွေကို အင်အားဖြည့်နေတာလို့ သိရပါတယ်။
“ရေတပ် နဲ့ လည်း လာကြတယ်။ ကုန်တင်သင်္ဘောတွေနဲ့ ပါလာတာလည်း ရှိတယ်။ လက်နက်တွေဆို ကုန်သင်္ဘောနဲ့ ယူတာများတယ်။ အခု စစ်တွေကို စားကုန်တွေ၊ အခြားကုန်တွေ သိပ်မဝင်ဘူး။ စျေးတွေလည်း တက်နေတယ်” လို့ ရန်ကုန် – စစ်တွေ ကုန်အရောင်းအဝယ်လုပ်နေတဲ့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။
AA ဟာ စစ်တွေမြို့ အနောက်ဘက်ရှိ ရသေ့တောင်၊ မြောက်ဘက်ရှိ ပုဏ္ဏားကျွန်းနဲ့ အရှေ့ဘက်ရှိ ပေါက်တောမြို့နယ်တို့ ကို သိမ်းယူထားပါတယ်။ စစ်တွေမြို့ကို ပိတ်ဆို့ထားပြီး အခိုင်မာတပ်စွဲထားတဲ့ ရွှေမင်းဂံရေတပ်စခန်း၊ ပါဒလိတ်တပ်ရင်းအနီးစခန်းတွေနဲ့ နာရီကန်အနီးပတ်ဝန်းကျင် ကာကင်းစခန်းတွေ၊ ရေချမ်းပြင်အနီးဝန်းကျင်ရှိ စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
မြေပြင်က ထိုးစစ်ဆင်နေသလို လက်နက်ကြီး၊ ဒရုန်း၊ စနိုက်ပါတွေနဲ့လည်း တိုက်ခိုက်နေပြီး AA ရဲ့ လက်နက်ကြီးကြောင့် စစ်တပ် ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ သိရပါတယ်။ အဲဒီလိုအခြေအနေမှာ စစ်တပ်က ရှေ့တန်းတပ်ရင်းတွေကို အင်အားဖြည့်နေတာဖြစ်ပါတယ်။
ဒါ့အပြင် စစ်တွေမြို့နယ်အတွင်းရှိ ရိုဟင်ဂျာကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေကနေ ရိုဟင်ဂျာတွေကို ဖမ်းဆီးပြီး စစ်တပ်ရင်းတွေမှာ စစ်သင်တန်းပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အခုနောက်ပိုင်းမှ အဖမ်းခံထားရတာ တစ်ရာကျော်၊ နှစ်ရာလောက်ရှိတယ်။ အဲဒါတွေကို စစ်သင်တန်းပေးနေတယ်။ သင်တန်းပေးပြီးရင် စစ်တိုက်ခိုင်းတော့မယ် ထင်တယ်။ အရင်တခေါက်ကလည်း ရိုဟင်ဂျာတွေ စစ်တိုက်ရလို့ အများကြီးသေပြီးပြီ” လို့ စစ်တွေမြို့ခံလူငယ်တဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ရက်ကစတင်နဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း AA ကမြို့သိမ်းတိုက်ပွဲတွေတိုက်ခိုက်စဉ်ကလည်း အာဏာသိမ်းစစ်တပ်ဟာ ဒေသခံရိုဟင်ဂျာတွေကို စစ်သင်တန်းပေးပြီး ရှေ့တန်းကိုပို့ဆောင်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကိုတောင် မိသားစုကပြန်မရခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်နဲ့ဖြစ်တဲ့ ရှေ့တန်းတိုက်ပွဲတွေမှာ ရိုဟင်ဂျာ (AAထုတ်ပြန်ချက်မှာ မူဆလင်လို့သုံးနှုန်း) အလောင်းတွေ ရရှိခဲ့တယ်လို့ ဓါတ်ပုံမှတ်တမ်းတွေနဲ့တကွ AA ကထုတ်ပြန်ဖူးပါတယ်။
“ရိုဟင်ဂျာတွေကို ဓါးစာခံ လုပ်ဖို့ ကြံနေတာပါ။ စစ်တပ်ဖမ်းရင် အဖမ်းခံရတယ်၊ ထွက်ပြေးဖို့နေရာလည်း မရှိဘူး” လို့ ဒေသခံ ရိုဟင်ဂျာလူငယ်တဦးက ပြောပါတယ်။
စစ်တပ်က ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေပြီး အင်အားလည်း အများအပြားဖြည့်နေတာကြောင့် စစ်တွေမြို့နယ်အတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
“AA ကတော့ ထိုးစစ်ကို ပြင်းပြင်းထန်ထန်လုပ်တာ မတွေ့ရသေးဘူး။ ဒါပေမယ့် စစ်တွေကို သိမ်းဖို့ကတော့ အကုန်လုံး ပြင်ဆင်ထားပြီးလောက်ပြီ။ စစ်တပ်ကလည်း အင်အားဖြည့်နေတာဆိုတော့ တိုက်ပွဲကတော့ ပြင်းလာဖို့ပဲသေချာတယ်။ AA ကလည်း လျှော့ပေးမယ်မထင်ဘူး” လို့ ရခိုင်ဒေသခံ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့ပြင် ရှေ့တန်းတပ်ရင်း၊ တပ်စခန်းတွေမှာ အင်အားဖြည့်နေတဲ့အပြင် မြို့ဝင်ပေါက်နေရာတွေ၊ တံတားတွေနဲ့ ခိုင်ခန့်တဲ့အဆောက်အဦတွေမှာပါ နေရာယူ စခန်းချနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ AAက စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တွေကလွဲလို့ ကျန်တဲ့မြို့တွေကိုသိမ်းယူထားပါတယ်။ AA ထိန်းချုပ်ထားတဲ့မြို့တွေကို စစ်တပ်ကအရေးပေါ်အခြေအနေကြေညာထားပြီး AAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်က လက်ကျန်မြို့တွေကို ၂၀၂၇ မကုန်မီ အပြီးသတ် သိမ်းပိုက်သွားမယ်လို့ ဧပြီ ၁၀ရက်က ကျရောက်တဲ့ (၁၇)နှစ်မြောက် အာရက္ခတပ်တော်မွေးနေ့မိန့်ခွန်းမှာ ပြောထားပါတယ်။
ဒကစအခြေစိုက်ထားပြီး အခြားအခြေစိုက် တပ်ရင်းတွေ၊ လက်ရုံးတပ်တွေအပါအဝင် တပ်ရင်းတပ်ဖွဲ့ပေါင်း ၁၀ကျော်ရှိတဲ့ စစ်တွေမြို့ကို AAက ၂၀၂၆ နှစ်ဆန်းကတည်းကစပြီး မကြာခဏ ထိုးစစ်ဆင်နေခဲ့တာပါ။
ရခိုင်ပြည်နယ်အတွင်း လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ရင်လည်း မီးကုန် ယမ်းကုန်ကြိုးစားသွားမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောထားပါတယ်။
လက်ရှိမှာ ကျောက်ဖြူမြို့အနီးမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းနယ်စပ်၊ဧရာဝတီတိုင်းနယ်စပ်နဲ့ မကွေးတိုင်းနယ်စပ်တွေမှာလည်း စစ်ရေးတင်းမာနေပါတယ်။ မြေပြင်တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုတွေများပြားနေတဲ့စစ်တပ်က ရခိုင်ပြည်နယ်အတွင်းမြို့နယ်တွေကို လေကြောင်းကနေ မကြာခဏ ဗုံးကြဲနေပါတယ်။


















































