Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန်မှာဆေးရုံမီးလောင်ပြီးမွေးကင်းစကလေးငယ် ၁၄ ဦးသေဆုံး

ပါကစ္စတန် နိုင်ငံမှာ ဆေးရုံတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ရာက မွေးကင်းစ ကလေးငယ် ၁၄ ဦး သေဆုံးသွားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

သြဂုတ် – ၂၆ ၊၂၀၂၆

ပါကစ္စတန် နိုင်ငံမှာ ဆေးရုံတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ရာက မွေးကင်းစ ကလေးငယ် ၁၄ ဦး သေဆုံးသွားခဲ့ပါတယ်။

အစ္စလာမ်မာဘတ် မြို့တော်က ဆေးရုံတစ်ခုရဲ့ သားဖွားနဲ့ ကလေးကုသဆောင်မှာ ဩဂုတ် ၂၆ ရက်နေ့က မီးလောင်မှု ဖြစ်ခဲ့တာပါ။ မနက်အစောပိုင်း အရုဏ်တက်ချိန်က မီးလောင်မှုဟာ အဲကွန်းကနေ ဝါယာရှော့ ဖြစ်တာကြောင့် စတင်ခဲ့တယ်လို့လည်း ယုံကြည်ရပါတယ်။

သားဖွားနဲ့ ကလေးကုသဆောင်ရဲ့တတိယထပ်ကနေမီးစတင် လောင် ကျွမ်းခဲ့ကြောင်း၊ သေဆုံးသူ ၁၄ ဦး ရှိခဲ့ပြီး အားလုံးက မွေးကင်းစအရွယ် ကလေးတွေချည်းဖြစ်ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်က ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မီးငြှိမ်းသတ်ပြီးတဲ့နောက် ကလေးငယ်တွေရဲ့ မိဘဆွေမျိုးတွေက သောကကြီးစွာနဲ့ စုဝေးပြီး သတင်းနားစွင့်နေခဲ့ချိန် သူနာပြုတွေက သေဆုံးသွားတဲ့ ကလေးငယ်တွေရဲ့ မိဘနာမည်တွေကို ကြေညာခဲ့ပါတယ်။

အသက် ၄၀ အရွယ် ခူရမ် မာမွတ်ကတော့ သူ့ရဲ့ ၃ ရက်သား အရွယ်သာ ရှိသေးတဲ့ သမီးလေးဟာ အဲဒီမီးလောင်မှုမှာ အသက်ဆုံးရှုံးခဲ့ရကြောင်း AFPကို ကြေကြေကွဲကွဲ ပြောပြခဲ့ပါတယ်။

သူက ကယ်ဆယ်ရေး အဖွဲ့တွေဟာ မီးလောင်ထားတဲ့ အဆောင်ထဲ ဝင်နိုင်ဖို့ နာရီနဲ့ချီ အချိန်ယူခဲ့ရကြောင်းလည်း ဆိုပါတယ်။

ဆေးရုံရဲ့ တစ်နေရာမှာတော့ မီးခိုးမှိုင်းတွေ စွဲကပ်နေတဲ့ ၁၀ ရက်သား ကလေးငယ်ကို လက်ထဲပွေ့ချီရင် ဆောက်တည်ရာမရ အော်ငိုနေတဲ့ အမျိုးသမီး တစ်ဦးကိုလည်း တွေ့ခဲ့ရပါတယ်။

နေရာအနှံ့စိုးရိမ်တကြီးအော်သံဟစ်သံတွေ ဆူညံနေခဲ့ကြောင်း၊ မီးလောင်ချိန်မှာ အားလုံး အသက်လု ထွက်ပြေးခဲ့ရကြောင်း၊ ဘုရားသခင် ကျေးဇူးကြောင့် သူ့ရဲ့ကလေးကတော့ ဘေးကင်းခဲ့ကြောင်း ရှာဂူဖ်တာ ပါဗင်းဆိုတဲ့ အမျိုးသမီးက ပြောပါတယ်။

ဝန်ကြီးချုပ် ရှရစ်ဖ်နဲ့ ပြည်ထဲရေး ဝန်ကြီး မိုဟ်ဆင် နက်ဗီးတို့က အပြစ်မဲ့ ကလေးငယ် ၁၄ ဦးရဲ့ အသက်တွေ ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်ဆိုးအတွက် အထူးကြေကွဲ ဝမ်းနည်းမိကြောင်း အသီးသီး ထုတ်ပြန်ပါတယ်။

ကလေးငယ်တွေရဲ့ အသက်တွေ ဆုံးရှုံးရတဲ့ ကိစ္စမျိုးက ဘယ်လိုမှ ဖြေသိမ့်နိုင်စရာ မရှိဘူးလို့ ရှရစ်ဖ်က ဆိုပါတယ်။

သူက အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး ပေါ့ဆမှုနဲ့ တခြားပြစ်ချက် တစ်ခုခု ရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိတာနဲ့ ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပါကစ္စတန်မှာတော့ မီးဘေးအန္တရာယ် လုံခြုံရေး စံနှုန်းတွေ လျော့ရဲတာ၊ လိုက်နာမှုနဲ့ စည်းကြပ်မှုတွေ အားနည်းတာတွေကြောင့် ဆိုးရွားတဲ့ မီးလောင်မှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။

ဇန်နဝါရီလတုန်းကလည်း ဆိပ်ကမ်းမြို့ တစ်ခုဖြစ်တဲ့ ကရာချိမှာ စျေးဝယ်စင်တာကြီးတစ်ခု မီးလောင်လို့ လူ ၆၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အဲဒီမြို့မှာပဲ ၂၀၂၃ ခုနှစ်တုန်းက တခြား စျေးဝယ်စင်တာတစ်ခု မီးလောင်တုန်းက ၁၃ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။ ၂၀၂၁ မှာတော့ ကရာချိမှာ စက်ရုံမီးလောင်မှုအတွင်း လူ ၁၆ ဦး သေဆုံးခဲ့ဖူးပါတယ်။

၂၀၁၂ ခုနှစ်တုန်းကတော့ ကရာချိ အနောက်ပိုင်းက ဘယ်လ်ဒီရာမြို့က အထည်ချုပ် စက်ရုံတစ်ခုမှာ မီးလောင်မှု ဖြစ်ပွားပြီး အထည်ချုပ်လုပ်သား ၂၅၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။ နောက်ပိုင်း စစ်ဆေးမှုတွေအရ အဲဒီစက်ရုံမှာ မီးဘေးကြုံချိန် အရေးပေါ် စီမံပေးထားတဲ့ ထွက်ပေါက်တွေ မရှိခဲ့ကြောင်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ကိုးကား – AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယား၊ တူရကီနဲ့ ပါကစ္စတန်တို့ဟာ ကာကွယ်ရေးဆိုင်ရာ သဘောတူ ကတိစာချုပ် တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆန္ဒပြနေတဲ့ လူစုလူဝေးကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုကြောင့် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး မိုင်းလုပ်သား ၃၄ ဦးထက်မနည်း သေဆုံးသွားပါတယ်။