ဩဂုတ်−၂၆၊၂၀၂၆။ဇော်ရမ်း/People’s Spring
ဧရာဝတီတိုင်းမှာ ရေကာတာတွေ ရေယိုစိမ့်နေတာကို လူမှုကွန်ရက်ပေါ်တင် ဖြန့်ဝေသူကို အရေးယူမယ်လို့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။
ဧရာဝတီတိုင်းဟာ ဧရာဝတီမြစ်အပြင် ငဝန်မြစ်၊တိုးမြစ်နဲ့ဒါးကချာင်းအပါအဝင် ချောင်းတွေ၊ မြောင်းတွေဖြတ်သန်းစီးဆင်းနေပြီး မြို့ရွာတွေကို မြေသားတာတမံတွေနဲ့ ကာရံထားတာပါ။
ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ရက်က ငဝန်မြစ်ရေကာတာကျိုးကျသွားနောက်ပိုင်း တိုင်းအတွင်း ဒေသခံတွေက သူတို့ဒေသမှာရှိတဲ့ တာတမံတွေရဲ့ကြံ့ခိုင်ခိုင်မှုအပေါ် လိုက်လံကြည့်ရှု့ပြီး ရေယိုစိမ့်တဲ့နေရာတွေကို လူမှုကွန်ရက်ပေါ်တင်ပြီး သတိပေးကြပါတယ်။

Public Service Announcement
ဓနုဖြူ၊ ဇလွန်၊ဟင်္သာတနဲ့ မြန်အောင်မြို့မှာ ရေကာတာယိုစိမ့်နေကြောင်း Tiktok ပေါ်တင်တဲ့ ဒေသခံ ၄ ဦးကို စစ်တပ် ဌာနဆိုင်ရာတွေက ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
” လိုင်းပေါ် တင်ရင် ၅၀၅(က)တို့၊ ဆက်သွယ်ရေးဥပဒေတို့နဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်တယ်။ ပြန်ဖျက်ပေးလိုက်ရတယ်” လို့ မြန်အောင်မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တာတမံတွေကြံ့ခိုင်မှု လုပ်ဆောင်ခြင်းမရှိခဲ့တဲ့အတွက် နေရာအများစုမှာ ရေယိုစိမ့်နေတဲ့ အခြေအနေဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဟာ တာတမံတွေကြံ့ခိုင်မှုကို လုပ်ဆောင်ခြင်းမရှိသလို ဒေသခံပြည်သူတွေ အခက်အခဲကြုံနေအောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတယ်လို့ယူဆကြောင်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်မတ်အချို့က ဝေဖန်ထားကြပါတယ်။
လေးမျက်နှာမြို့က ငဝန်မြစ်ရေကာတာကျိုးကျတဲ့ဖြစ်စဉ်ဟာ ဧရာဝတီတိုင်းမှာ နှစ်ပေါင်း ၃၀ကျော်အတွင်းအဆိုးရွားဆုံးရေ ဘေးဖြစ်ပါတယ်။ လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်၊ ကျောင်းကုန်းနဲ့ ငါးသိုင်းချောင်းမြို့နယ်တွေမှာ ရေဘေးကြုံတွေ့နေပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလလယ်မှာ မြန်အောင်နဲ့ ဇလွန်မြို့က ရေကာတာလည်း ယိုစိမ့်လို့ ဒေသခံတွေ လုပ်အားပေးပြီး ပိတ်ဆို့ခဲ့ရသလို လတ်တလောမှာလည်း ညောင်တုန်းမြို့နယ်က ရေကာတာ အိကျနေလို့ အရေးပေါ် ပိတ်ဆို့နေရပါတယ်။
ရေဘေးကြိုတင်ကာကွယ်ရေးနဲ့ကယ်ဆယ်ရေးအတွက် စစ်တပ်က အရည်အချင်းမမီဘူးလို့ ဒေသခံတွေက ဝေဖန်နေ ကြပေမယ့် အာဏာသိမ်းစစ် ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ဟာ ရေဘေးကြိုတင်ကာကွယ်ရေးကို သေချာလုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောထားပါတယ်။
လေးမျက်နှာမြို့မှာ တာကျိုးပေါက်တာကို ရက်ပိုင်းအတွင်း ပြန်လည်ပိတ်ဆို့နိုင်မယ်လို့ ဧရာဝတီတိုင်းဝန်ကြီးချုပ်က ပြောခဲ့ပေမယ့် တစ်လနီးပါးကြာတဲ့အထိ မပိတ်နိုင်သေးပါဘူး။ ရေဘေးဟာပိုမို ဆိုးရွားလာပြီး ဟင်္သာတ၊ရေကြည်၊ငသိုင်းချောင်း၊ ကျုံပျော်၊ ကျောင်းကုန်း၊ သာပေါင်းမြို့နယ်တွေအထိ ရေတွေဝင်ရောက်လာလို့ ရေကြီးနစ်မြုပ်တဲ့ဧရိယာ ပိုမိုကျယ်ပြန့်နေပါတယ်။
လက်ရှိ အရေးပေါ်အခြေအနေဖြစ်နေတဲ့ ညောင်တုန်းရေကာတာကာ ပိတ်ဆို့ပြင်ဆင်ရေးအတွက်လည်း ဒေသခံတွေနဲ့အရပ်ဘက်အဖွဲ့စည်းတွေရဲ့ လုပ်အားနဲ့ အဓိကလုပ်ဆောင်နေတာဖြစ်ပါတယ်။
ရေကာတာတွေရဲ့ကြံ့ခိုင်မှုနဲ့ မြစ်ကြောင်း ရှင်းလင်းရေးတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ နိုင်ငံတကာအကူအညီနဲ့ လုပ်ဆောင်ခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဆက်လက်မလုပ်ဆောင်နိုင်တော့ပါဘူး။ တာတမံတွေအရေးကို အဓိကကိုင်တွယ်ရတဲ့ စစ်တပ် လက်အောက်ခံ ဆည်မြောင်းဝန်ကြီးဌာနမှာလည်း ဝန်ထမ်းအင်အားအလွန်နည်းပါးပြီး အလုပ်မဖြစ်ဘူးလို့ဒေသခံတွေက ပြောပါတယ်။


















































