အောက်တိုဘာ ၂၂၊ ၂၀၂၆၊ ဇေအောင်/People’s Spring
ဂန့်ဂေါမြို့နယ်အတွင်း မည်သည့်နေရာမှာ ကျောင်းတက်သည်ဖြစ်စေ ကလေးငယ်တွေကို အပြစ်ပေးအရေးယူမှာမဟုတ်ကြောင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့ ထုတ်ပြန်ကြေညာပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ကျောင်းနေအရွယ် ကလေးတွေဟာ မည်သည့်နေရာမှာဘဲ သွားရောက်ကျောင်းတက်သည်ဖြစ်စေ အပြစ်ပေး အရေးယူမှု ပြုလုပ်မှာမဟုတ်ဘူးလို့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့က အောက်တိုဘာ ၂၁ ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းမတက်ရဘဲ ပညာသင်ခွင့် ဆုံးရှုံးနေရတဲ့ ကလေးတွေ အခြေခံပညာ ဆက်သင်နိုင်ဖို့အတွက် ၂၀၂၁ စက်တင်ဘာ ၁၂ ရက်ကတည်းက ပြည်သူ့အခြေပြုကျောင်းတွေကို စတင်ဖွင့်လှစ် သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
ကလေးတွေရဲ့ လွတ်လပ်စွာ ပညာသင်ယူခွင့်ကို အထူးလေးစား တန်ဖိုးထားသလို၊ ဒီအခွင့်အရေးဟာ ပညာရေးတိုးတက်ဖို့၊ လူ့အဖွဲ့အစည်း အသိပညာပွင့်လင်းဖို့နဲ့ ဒီမိုကရေစီ/လူ့အခွင့်အရေးအတွက်အရေးကြီးတဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်လို့လည်း ပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။
” ကျနော်တို့ရေးထားတဲ့ လွတ်လပ်စွာပညာသင်ကြားခွင့်အရ ထုတ်ပြန်တာပါ။မနေ့က အစည်းအဝေး ဆုံးဖြတ်ချက်အရပါ။ အစည်းအဝေး ဆုံးဖြတ်တာက ပညာရေးဘုတ်ဆုံးဖြတ်တာ”လို့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒါကြောင့် ကလေးတွေ ပညာသင်ယူဖို့ ဘယ်နေရာမှာဘဲ ကျောင်းသွားထားတာဖြစ်စေ၊ လွတ်လပ်စွာ ပညာသင်ခွင့်နဲ့ လူ့အခွင့်အရေးအရ အပြစ်ပေးအရေးယူတာဆွေ ပြုလုပ်မှာမဟုတ်ကြောင်း ဂန့်ဂေါမြို့နယ်ပညာရေးဘုတ်အဖွဲ့က အသိပေးပါတယ်။
၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ရာနဲ့ စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် စတဲ့ တိုင်းနဲ့ ပြည်နယ် တော်တော်များများရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းတွေ၊ ကိုယ်ထူကိုယ်ထကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်း စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။




















































