သြဂုတ် ၂၇၊ ၂၀၂၆။ မေရီ/People’s Spring
စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်မှာ နေအိမ်တွေက ရေမီတာတွေ အများအပြား ဖြုတ်ခိုးယူခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။
အခုရက်ပိုင်းအတွင်းမှာပဲ စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်က ဝန်ဇင်းရပ်ကွက်၊ ကျောင်းလမ်း၊ ဇဝနလမ်း၊ အောင်သိဒ္ဓိလမ်း၊ သီရိမင်္ဂလာရပ်ကွက်အပါအဝင် ရပ်ကွက်အသီးသီးက နေအိမ်တွေရှေ့ မြေအောက် ကွန်ကရစ်ဘောက်စ်ထဲမှာ တပ်ဆင်ထားတဲ့ ရေမီတာတွေ ခိုးယူခံလိုက်ရတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
“အတော်များများ အခိုးခံလိုက်ရတယ်။ စည်ပင်နဲ့ ပတ်သက်တဲ့သူကပဲခိုးမှာ။ အဲမီတာတွေက ဘယ်မှာမှပြန်ရောင်းလို့မရဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် ရေမီတာတင်မကဘဲ စာသင်ကျောင်းက ရေမော်တာပါ အခိုးခံရတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေ အပေါ့အပါးသွားတဲ့ နေရာတွေမှာပါ အခက်အခဲတွေ ဖြစ်ပေါ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
မိတ္ထီလာမြို့မှာ ခိုးဆိုးလုယက်မှုတွေ မကြာခဏဖြစ်ပွားနေပြီး သြဂုတ် ၁၇ ရက်ကလည်း အမျိုးသမီးတစ်ဦး မိတ္ထီလာမြို့ပေါ်မှာ ဓါးထောက်လုယက်ခံရတယ်လို့ သိရပါတယ်။
မိတ္ထီလာမြို့မှာ လေတပ်စခန်းဌာနချုပ်၊ တပ်မ (၉၉) ခြေလျင်တပ်မဌာနချုပ် (တမခ ၉၉)၊ အမှတ်(၇၀၇)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၁) ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပိုဆောင်ရေးတပ်ရင်း (ရထပ-၁) အပါအဝင် အထူးစစ်ဆင်ရေးဆိုင်ရာ ထောက်ပိုတပ်ဖွဲများအပါအဝင် စစ်ကောင်စီတပ်တွေ အများအပြား အခြေစိုက်ထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံတဝန်းမှာ ခိုးမှု၊လုယက်မှုတွေ အများအပြားဖြစ်ပွားနေပြီး စက်ဘီး၊ ဆိုင်ကယ်ကအစ ခိုးယူမှုတွေ ဆိုးရွာစွာဖြစ်ပွားနေပါတယ်။


















































