ဩဂုတ် −၂၇၊၂၀၂၆။ဇော်၀င်း/People’s Spring
ရှမ်း − ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ဒါကြောင့် မိုးဗြဲမြို့နဲ့ဆက်စပ်တဲ့ လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေနဲ့ ဒီးမော့ဆိုမြို့နယ်က လီဝိုးရွာ၊ နန်းမယ်ခုံမြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေကို ဖြတ်သန်းသွားလာတာမလုပ်ဖို့ ဒီကနေ့ (ဩဂုတ် ၂၇ ရက်)နေ့လယ်ပိုင်းကစပြီး အရေးပေါ် သတိပေးထားပါတယ်။
“အလုံးရင်းထိုးလာမှုကြောင့် ထိတွေ့မှုဖြစ်ပွားတာဖြစ်ပါတယ်”လို့ MBPDF တာ၀န်ရှိသူက လက်ရှိစစ်ရေး အခြေအနေကို ရှင်းပြပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
“နန်းမယ်ခုံရရင် မိုးဗြဲ ၊လွိုင်ကော် နဲ့ ဒီမောဆိုရှေ့ခြမ်းကိုကောင်းကောင်းထိန်းချုပ်လို့ရသွားမယ့်အခြေ အနေ”လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောထားပါတယ်။
ဒါကြောင့်လည်း မိုးဗြဲမြို့ကတဆင့် နန်းမယ်ခုံဘက်ကို စစ်တပ်က မကြာခဏစစ်ကြောင်းထိုးခဲ့ပြီး ဇူလိုင်အတွင်းတိုက်ပွဲတွေမှာ သေဆုံးထိခိုက်သူများလို့ ပြန်ဆုတ်သွားခဲ့ရတယ်လို့ သိရပါတယ်။
ဇွန်လ ၂၈ ရက်ကလည်း လွိုင်ကော်- မိုးဗြဲမြို့နယ်ကြားက စစ်တပ်ကာကင်းစခန်းတွေကို ကရင်နီ JOC တော် လှန်ရေးတပ်ပေါင်းစုက ထိုးစစ်ဆင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုရရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။
နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။


















































