သြဂုတ်-၂၇၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
ရခိုင်ပြည်နယ်၊ဂွမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းရွှေသောင်ယံမြို့နယ်ထဲကို ၂၀၂၅ ဇန်နဝါရီလနောက်ပိုင်း စစ်တပ်က စစ်သင်္ဘောနဲ့စစ်ကားအများအပြား ပို့ဆောင်အင်အားဖြည့်တင်းပြီးစစ်ပြင်နေပါတယ်။
သြဂုတ်လ၂၇ရက်မနက်ပိုင်းမှာ ရွှေသောင်ယံမြို့ကိုဖြတ်သွားတဲ့ရခိုင် – ဧရာဝတီကမ်းခြေပတ်လမ်းပေါ်ကနေ စစ်ကား အစီးရေ ၅၀ နီးပါးဖြတ်သွားပြီး ရွှေသောင်ယံကမ်းခြေမှာလည်း စစ်သင်္ဘောဆယ်စီးကျော် ရောက်ရှိနေတယ်လို့ ဒေသခံ အချို့ကပြောပါတယ်။
“ဒီလောက်များတာတစ်ခါမှမတွေ့ဖူးဘူး။ ရှေ့ဆက်ပြီးဘာတွေဖြစ်လာမလဲမသိဘူး။ စစ်ကားတွေပေါ်မှာလည်း စစ်မှုထမ်းသင်တန်းဆင်းတွေအများကြီးပါလာတယ်။ ငယ်ငယ်လေးတွေ။ပါလာတဲ့ကလေးတွေလည်းမျက်နှာမကောင်းဘူး” လို့ ရွှေသောင်ယံမြို့နယ်၊ မကျည်းဇင်ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement
ရွှေသောင်ယံမြို့နယ်ဟာ ဂွမြို့နယ်နဲ့ ပင်လယ် ကမ်းရိုးတန်းချင်းဆက်စပ်နေပါတယ်။အာရက္ခတပ်တော်(AA)က ဂွမြို့နယ်ကို ၂၀၂၄ခုနှစ်ဒီဇင်ဘာလမှာသိမ်းယူပြီးတဲ့နောက်၂၀၂၅ ဇန်နဝါရီလထဲမှာ ရွှေသောင်ယံမြို့နယ်ထဲက ဖစ်တပ်စခန်းအချို့ကိုတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဘောမိနဲ့ မကျည်းစင်ရွာကို AAနဲ့ ပူးပေါင်းတပ်တွေကထိန်းချုပ်ခဲ့ပါတယ်။
အိမ်ခြေလေးရာကျော်ရှိတဲ့ဘောမိရွာကိုစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။ ဒေသခံတချို့လည်း သေဆုံးခဲ့ပါတယ်။ နှစ်လခန့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ရေးအခြေအနေငြိမ်သက်ခဲ့ပေမယ့် စစ်တပ်က ပုသိမ်- ရွှေသောင်ယံလမ်းကနေတဆင့် စစ်အင်အားတွေ မကြာခဏဖြည့်နေခဲ့ပါတယ်။ ယခုတကြိမ်ဟာ အင်အားအများဆုံး ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်တပ်ဟာရေကြည်နဲ့သာပေါင်းမြို့နယ်မှာဘက်ကနေလည်း အင်အားတွေပို့ဆောင်နေပြီး တိုက်ပွဲတွေဖြစ်နေပါတယ်။စစ်တပ်စစ်ကြောင်းတွေဟာ ဂွမြို့နယ်အတွင်းသို့ ဝင်ရောက်နိုင်ဖို့ လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေပြီး ကုန်းလမ်း၊ ရေလမ်းတွေကနေ နည်းအမျိုးမျိုးနဲ့ထိုးဖောက်ဖို့ကြိုးစားနေတာကြောင့် ရခိုင်-ဧရာဝတီ အစပ် နေရာတွေမှာတိုက်ပွဲတွေ နေ့စဉ်ပြင်းထန်နေတယ်လို့ AAက ပြီးခဲ့တဲ့ ဇွန်လကုန်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ရေကြည်မြို့နယ်ထဲကတိုက်ပွဲတွေအတွင်း စစ်တပ်စခန်းအချို့ကိုသိမ်းယူနိုင်ခဲ့သလို ရုပ်အလောင်းအချို့နဲ့ လက်နက်ခဲယမ်း တွေ၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကစတင်ပြီး ဂွမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်ထဲကမြို့နယ်တွေကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပိုမိုဆိုးရွားလာသလို မြေပြင်ကနေလည်းအင်အားတွေ ပို့ဆောင်နေတာဖြစ်ပါတယ်။ရခိုင်နဲ့ ဧရာဝတီနယ်စပ်စစ်မျက်နှာအပြင် စစ်တွေနဲ့ ကျောက်ဖြူမြို့၊ ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းနယ်စပ်၊ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းနယ်စပ်၊ ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်နယ်စပ်ဖြစ်တဲ့ မင်းတပ်နဲ့ကန်ပက်လက်မြို့တွေမှာလည်း စစ်တပ်စစ်ကြောင်းတွေဝင်ရောက်လာလို့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။အဲဒီတိုက်ပွဲတွေမှာစစ်တပ်ဘက်ကထိခိုက်သေဆုံးမှုတွေများပြားနေပြီး လေကြောင်းတိုက်ခိုက်မှုတွေပိုမိုပြုလုပ်နေပါတယ်။
ဂွမြို့နယ်ကိုဦးတည်တဲ့ စစ်တပ်ရဲ့တန်ပြန် ထိုးစစ်ဟာ ယခုတစ်ကြိမ်မှမဟုတ်ဘဲ အကြိမ်ကြိမ်လုပ်ခဲ့ကြောင်း ပြီးခဲ့တဲ့ဇွန်လကုန်က AA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါပေမယ့် ထိုးစစ်တိုင်းမှာ စစ်တပ်စစ်ကြောင်းတွေတပ်လန်ကျနေတာလို့စစ်ရေးသတင်း ရင်းမြစ်အချို့ကပြောပါတယ်။
လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုနဲ့ လုံခြုံရေးအခြေနေကိုသတိပြုနေထိုင်ကြဖို့ ဒေသခံတွေကို AAက သတိပေးချက်မကြာခဏထုတ်ပြန်နေပါတယ်။


















































