ဩဂုတ် ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးအဖွဲနဲ့ နည်းဗျူဟာမှူး၊ တပ်ရင်းမှူးများပါဝင်တဲ့ စုံညီအစည်းအဝေး ကျင်းပခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ခဲ့ပြီး ဒီအစည်းအဝေးဟာ PDF တပ်မှူးကြီးများအစည်းအဝေးရဲ့ နောက်ဆက်တွဲ အကောင်အထည်ဖော်ရမယ့်စစ်ရေးရည်မှန်းချက်တွေအတွက် တိုင်ပင်ကြတာလို့ အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး၊ ဒု-တိုင်းကွပ်ကဲရေးမှူးနဲ့ တိုင်းဦးစီးအရာရှိများ၊ နည်းဗျူဟာမှူးများ၊ တပ်ရင်းမှူးများ၊ ဒု-တပ်ရင်းမှူးများ တက်ရောက်တဲ့ စုံညီအစည်းအဝေးတစ်ရပ်ကို အထူးတိုင်းစစ်ဌာနရုံးမှာ ဩဂုတ် ၂၃ရက်မှ စတင်ကာ ၂ရက်ကြာ ကျင်းပခဲ့တာလို့ ဆိုပါတယ်။
“အဓိကကတော့ တပ်မှူးကြီးများအစည်းအဝေးနောက်ဆက်တွဲ အကောင်အထည်ဖော်ရမဲ့ စစ်ရေးရည်မှန်းချက်တွေအတွက် ဆက်လုပ်ရမဲ့အလုပ်တွေကို တပ်မှုးများအားလုံး ဆွေးနွေးတိုင်ပင်ကြတာပါ။ ဒီကာလမှာ ကျွန်တော်တို့တပ်တွေကို ကျစ်လစ်ခိုင်မာအောင်လုပ်ထားဖို့နဲ့ စိုးမိုးနယ်မြေတွေကို မပဲ့သွားအောင်ကာကွယ်ထားဖို့လိုပါတယ်။ အဲဒီအတွက် မြေပြင်အရေးကြီးအစည်းအဝေးတစ်ခုလုပ်ခြင်းဖြစ်ပါတယ်” လို့ ရဲဘော်အောင်စံရှားက ပြောပါတယ်။

Public Service Announcement
အခု အစည်းအဝေးမှာ အထူးတိုင်းစစ်ဌာနရဲ့ တစ်နှစ်တာအတွင်း ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးအတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များနဲ့ သင်ခန်းစာယူရမယ့် အချက်များကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြတယ်လို့ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် တပ်မှူးကြီးများ အစည်းအဝေးနောက်ဆက်တွဲ အကောင်အထည်ဖော်ရမည့် ရည်မှန်းချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့် တပ်ရင်း/တပ်ဖွဲအသီးသီးရှိ ရဲဘော်တွေရဲ့ အထွေထွေလိုအပ်ချက်များကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြကြောင်းဖော်ပြထားပါတယ်။
အထူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၁၂ ရင်း၊ ဒရုန်းနဲ့ လက်ရုံးအထူးတပ်ဖွဲ့ ၇ ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ (ပကဖ) တိုက်ခိုက်ရေးစစ်ကြောင်း ၃ ကြောင်းနဲ့ ဒေသအခြေပြု ကာကွယ်ရေးတပ်ဖွဲ့ ၃ ဖွဲ့တို့ ပါဝင်ပါတယ်။
အဲဒီ တပ်ဖွဲများကို နည်းဗျူဟာ ၄ ခုဖြင့် စုဖွဲ့ထားပြီး ကရင်ပြည်နယ် KNU တပ်မဟာ (၆) နယ်မြေ၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းဒေသတွေမှာ စစ်ရေးလှုပ်ရှားလျက်ရှိတယ်လို့ အသိပေးထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲ့ တပ်မှူးကြီးများ အစည်းအဝေးကို ဩဂုတ် ပထမပတ်မှာ လေးရက်ကြာ ပြုခဲ့ပြီးပြည်သူ့ခုခံတွန်းလှန်စစ်ကနေ မဟာဗျူဟာထိုးစစ်ကို ဦးတည်ပြင်ဆင်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးနဲ့ ကွပ်ကဲရေးကော်မတီမှာ မဟာဗျူဟာကျကျ ပါဝင်ဆောင်ရွက်နိုင်ရေး နဲ့ စစ်ဒေသအသီးသီးမှာ သက်ဆိုင်ရာ မဟာမိတ် တိုင်ရင်းသားတော်လှန်ရေး အင်အားစုများအားလုံးနဲ့ လက်တွဲပြီး “ပြည်သူ့ခုခံတွန်းလှန်စစ်”ကနေ “မဟာဗျူဟာထိုးစစ်”ကို တက်လှမ်းနိုင်ရေး ဦးတည်ပြင်ဆင်ဆောင်ရွက်သွားကြဖို့ ချက်မှတ်ခဲ့တာလို့ ဆိုပါတယ်။


















































