သြဂုတ် ၂၇၊၂၀၂၆။သုည/People’s Spring
စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ မြောင်မြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက ဆန်နဲ့ ဆေးဝါး ကူညီထောက်ပံ့တာတွေ ဒီကနေ့ (သြဂုတ် ၂၇) ပြုလုပ်ပေးခဲ့ပါတယ်။
စစ်ကိုင်းဒေသ၊ ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုနဲ့ ရွှေဘိုမြို့နယ် သပိတ်အင်အားစုတို့ ပူးပေါင်းပြီး ကူညီထောက်ပံ့ပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဖူးယူစက်စက္ကူစက်ရုံက ညီအစ်ကိုမောင်နှမတွေရဲ့ လှူဒါန်းမှုနဲ့ ဆန်၊ စားနပ်ရိက္ခာ၊ ရိက္ခာခြောက်၊ ရေသန့်နဲ့ ဓာတ်ဆားတွေကို ရေဘေးသင့်ပြည်သူတွေဆီ သွားရောက်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ဒါ့အပြင် ရေဘေးသင့်စစ်ရှောင်ပြည်သူတွေကို စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုနဲ့ ရွှေဘိုမြို့နယ်သပိတ်အင်အားစု Mobile Medical Team တို့ ပူးပေါင်းပြီး လိုအပ်တဲ့ ဆေးဝါးထောက်ပံ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ပြုလုပ်ခဲ့ပါတယ်။
မြောင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူတွေကို ပြည်တွင်းပြည်ပအလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှုနဲ့ စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု၊ မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့က စားနပ်ရိက္ခာတွေ သွားရောက်ထောက်ပံ့ကူညီခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းအတွင်း အခြားသော မြို့နယ်တွေမှာလည်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် သောက်သုံးရေ၊ ဓာတ်ဆားနဲ့ ဆေးဝါးတွေ လိုအပ်လျက်ရှိပြီး တတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း စစ်ကိုင်းဒေသသပိတ်အင်အားစုက တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု၊ မြောင်မြို့နယ်လူထုသပိတ်


















































