Connect with us

Hi, what are you looking for?

သတင်း

ဆာကပေါတပ်ရင်းကို အဖွဲ့မှ ဖယ်ထုတ်ဖျက်သိမ်းကြောင်း KTLA ထုတ်ပြန်

တော်လှန်ရေးတပ်တွေနဲ့ပေါင်းပြီး ဘုံရန်သူကို ဆက်တိုက်မယ်လို့ ဆာကပေါတပ်ရင်းတာဝန်ရှိသူပြော

ဩဂုတ် ၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်းအတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို တိုက်ခိုက်နေတဲ့ KTLA ဆာကပေါတပ်ရင်းကို အဖွဲ့မှ ဖယ်ထုတ်ဖျက်သိမ်းလိုက်ကြောင်း ဗိုလ်နယ်ဒါးမြဦးဆောင်တဲ့ ကော်သူးလေအာမီ (KTLA)က ကြေညာချက်ထုတ်ပြန်ပါတယ်။

ဆာကပေါတပ်ရင်း တပ်ရင်းမှူး ဗိုလ်အဲဖိုးကို ထုတ်ပယ်ကြောင်း KTLAက ဩဂုတ် ၁၇ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ပြီးနောက်ဆာကပေါ တပ်ရင်းကိုပါ အဖွဲ့ကနေ ဖယ်ထုတ်ကြောင်း ဩဂုတ် ၂၈ရက်မှာ KTLAက အမိန့် ထပ်မံ ထုတ်ပြန်ခဲ့တာပါ။

အခုလို ဆာကပေါတပ်ရင်းကို ဖျက်သိမ်းကြောင်း အမိန့်ထုတ်ပြန်တာဟာ ဗဟိုက အမိန့်ပေးခဲ့တဲ့ ဖြစ်စဉ်အချို့မှာ တပ်ရင်းက ဆောင်ရွက်ဖို့ ချွင်းချက်ရှိသွားလို့ ဖြစ်နိုင်တယ်လို့ ဆာကပေါ တပ်ရင်း(ကြယ်လင်းရောင်တပ်ရင်း) ပြန်ကြားရေးမှူး စောအယ်ဒိုက ပြောပါတယ်။

Public Service Announcement

Public Service Announcement

KTLA အနေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ကို ပြန်တိုက်ခိုက်ဖို့ တိုက်ရိုက်အမိန့်ပေးတာမျိုး မရှိပေမဲ့ အခင်းဖြစ်ကြတဲ့ အဖွဲ့ကို ကူဖို့ ပြောဆိုညွှန်ကြားတာရှိတယ်လို့ ပြန်ကြားရေးမှူးစောအယ်ဒိုက ရှင်းပြပါတယ်။ ဆာကပေါတပ်ရင်းတည်ရှိရာ KNU မြိတ်ထားဝယ်ခရိုင်မှာ KTLA ဗိုလ်ကော်လာဖိုးအဖွဲ့ဟာ KNLAနဲ့ ပြဿနာဖြစ်ပွားနေတဲ့ အဖွဲ့ဖြစ်ပြီး ဗိုလ်ကော်လာဖိုးအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် KNLA အရာရှိအပါအဝင် တပ်ဖွဲ့ဝင်တွေ၊ တော်လှန်ရေးရဲဘော်တွေ၊ ပြည်သူတွေ သေဆုံးထိခိုက်မှုရှိခဲ့ပါတယ်။

KTLA ဗဟိုအနေနဲ့ ကရင်တပ်အချင်းချင်း ပြန်တိုက်ဖို့ အမိန့်ပေးတာ ရှိမရှိ မေးမြန်းရာ ဆာကပေါတပ်ရင်း ပြန်ကြားရေးမှူး စောအယ်ဒိုက “အဲဒီလို တိုက်ရိုက်မရှိပါဘူး။ ရှိလည်း ကျနော်တို့က မတိုက်ပါဘူး။ဘုံရန်သူကိုပဲ တိုက်မယ်ဆိုပြီး ပြည်သူကို ပြောထားတာမို့ တော်လှန်ရေး အဖွဲ့အချင်းချင်း တိုက်ဖို့ အတွက် ဘယ်သူ အမိန့်ပေးပေး မပေးပေး ကျနော်တို့ မတိုက်ပါဘူး” လို့ ပြောပါတယ်။

လက်ရှိ ဆာကပေါ တပ်ရင်းအနေနဲ့ လမ်းတူတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း စောအယ်ဒိုက အသိပေးပါတယ်။

“ကရင်လူမျိုးတင်မက မြန်မာ တပြည်လုံးလွတ်မြောက်ဖို့ပဲ တော်လှန်ရေး လုပ်နေတာမို့ ပြည်သူသဘောကို ဘယ်တော့မှ မဆန့်ကျင်ဘဲ ဆက်လက် ပူးပေါင်းတော်လှန်သွားမယ်လို့ သတင်းစကားပါးချင် ပြောချင်ပါတယ်” စောအယ်ဒို က ပြောကြားပါတယ်။

KTLAက အဖွဲ့ကနေ ထုတ်ပယ်လိုက်တဲ့ဆာကပေါ တပ်ရင်းဟာ KNU မြိတ်ထားဝယ်ခရိုင် KNLA တပ်မဟာ(၄) တပ်ရင်း ၁၂နဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်တယ်လို့ မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

KTLA ခေါင်းဆောင် ဗိုလ်နယ်ဒါးမြဟာ အရင်က ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)စစ်ဦးစီးချုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဝေါ်လေဒေသမှာ အရပ်သားများ သတ်ဖြတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး KNUရဲ့ စုံစမ်းစစ်ဆေးမှု မခံယူဘဲ KTLAကို ဖွဲ့စည်းခဲ့တာကြောင့် ၂၀၂၂ နှစ်လယ်ပိုင်းမှာ အဖွဲ့ကနေ ထုတ်ပယ်ခံရသူဖြစ်ပါတယ်။ လက်ရှိမှာလည်း ဗိုလ်နယ်ဒါးမြလက်အောက်ခံ KTLA တပ်အချို့ကဟာ KNU တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်မှာ KNLA တပ်ဖွဲ့တွေကို အကြိမ်ကြိမ် တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။အထူးသဖြင့် တပ်မဟာ(၄)နယ်မြေထဲ လှုပ်ရှားနေတဲ့ ဗိုလ်ကော်လာဖိုးရဲ့ KTLAဟာ KNLA ကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် အရာရှိအချို့ အပါအဝင် KNLA ရဲဘော်တွေ ကျဆုံးထိခိုက်တွေရှိခဲ့ပါတယ်။

KNLAနဲ့ တော်လှန်ရေးအင်အားစုတွေ အရပ်သားတွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကော်လာဖိုးရဲ့ KTLAကို စစ်ကောင်စီရဲ့ မိတ်ဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က အခုနှစ်ဆန်းမှာ ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ကို တိုက်ခိုက်ဖို့ အမိန့်ပေးတာကို မလိုက်နာလို့ဆိုပြီး တပ်ရင်းမှူး ၁ဦးကို ဗိုလ်နယ်ဒါးမြဦးဆောင်တဲ့ ကော်သူးလေအာမီ KTLA က ထုတ်ပယ်လိုက်ကြောင်း ကရင်သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ထိုင်းနိုင်ငံက လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လုပ်ကိုင်နေတဲ့ တာဝန်ရှိသူ တစ်ဦး လိုက်ပါလာတဲ့ကားကို ဗိုလ်ကော်လားဖိုးဦး‌ဆောင်တဲ့ KTLAအဖွဲဝင်တွေက ထိုင်းပိုင်နက် နယ်မြေအတွင်းမှာ ချောင်းမြောင်းပစ်ခတ်ခဲ့တယ်လို့ မြန်မာ-ထိုင်းနယ်စပ် သတင်းရင်းမြစ်တဦးက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီအစိုးရအဖွဲ့ အလိုမရှိကြောင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လူထုလှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။