ဩဂုတ်၂၉၊၂၀၂၆။ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က ဆင့်ပွားပေါက်ကွဲစေတဲ့ ကလပ်စတာဗုံးတွေသုံး တိုက်ခိုက်နေတယ်လို့ ရွှေကူ KPDF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှာ စစ်တပ်အသုံးပြုနေတဲ့ ကလပ်စတာဗုံးတွေဟာ ပြည်သူအများအပြားကို ဒုက္ခပေးနေတယ်လို့ ရွှေကူ KPDF တာဝန်ရှိသူက ဒီကနေ့ သူရဲ့လူမှုကွန်ယက်ကတဆင့် အသိပေးထားပါတယ်။
“နောက်မြီးဒလက်ကနေ ထိပ်ဖူးအထိ အလျှားအရှည် ၇ ပေနဲ့ ၇ လက်မရှိပါတယ်။ ၎င်းကိုယ်ထည်ကို သံပြားအခုံးအရှည် ၃ ချပ်နဲ့ လုံးရှည်သဏ္ဍာန် တွဲဆက်ထားပြီး အတွင်း၌ ဂက်စစ်အိုး အသေးစားအရွယ်ခန့် ပေါက်ကွဲစေတတ်တဲ့ ဗုံးသီး ၁၀လုံး ပါရှိပါတယ်”လို့ ရွှေကူ KPDF တာဝန်ရှိသူက ကလပ်စတာဗုံး အကြောင်းရှင်းပြပါတယ်။ကလပ်စ်တာဗုံးဟာ ပထမအဆင့် တလုံးကွဲပြီးနောက်မှာ ဗုံးအငယ်စားတွေကို နေရာ အကျယ်ကြီးပေါ် ထပ်ပြီးကြဲချ ပစ်လိုက်တာ ဖြစ်ပါတယ်။

Public Service Announcement
” ကလက်စတာဗုံးကို လေယာဉ်ပေါ်ကနေ ဖြုတ်ချစဉ် (4.5) စက္ကန့် အကြာမှာ အထက်ဖော်ပြပါ သံပြားကြီး ၃ ချပ်မှာ တချပ်စီ ကွဲထွက်သွားပြီး အတွင်းမှာရှိတဲ့ ဗုံးသီး ၁၀လုံးဟာ နေရာအနှံ ပြန်ကြဲကာ မြေပြင်ကို ကျရောက် ပေါက်ကွဲစေပါတယ်”လို့ သူက ဆက်ပြောပါတယ်။
ဩဂုတ် ၂၇ရက်နဲ့ ဩဂုတ် ၂၈ရက်တွေမှာ စစ်တပ်ရဲ့ စစ်သင်္ဘောတွေ ရွှေကူမြို့နယ်ကို ရောက်ရှိလာခဲ့ပြီးနောက် စစ်တပ်က သင်္ဘောလာရာ ဧရာဝတီမြစ်ဘေးက ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို မနေ့ညပိုင်းနဲ့ ဒီကနေ့ ဩဂုတ် ၂၉ရက်မနက်မှာလည်း ရွှေကူမြို့နယ်တဝိုက်ကို လေကြောင်းကနေ ကလပ်စတာဗုံးတွေ ကြဲခဲ့ပါတယ်။
အဲဒီလို လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ရွှေကူမြို့နယ် မိုးစစ်ရွာနဲ့ ရေလဲကျေးရွာက နေအိမ် ပြန်လာကြည့်တဲ့ ရွာသား ၆ဦးသေဆုံးခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် ရွှေကူမြို့အခြေစိုက် စစ်ကောင်စီတပ်တွေက လက်နက်ကြီး ပစ်ခတ်တာ၊ စက်သေနတ်တွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သား အချို့ သေဆုံးခဲ့ရကြောင်းလည်း သတင်းရင်းမြစ်က အသိပေးပါတယ်။
ဩဂုတ် တတိယပတ်မှာ မန္တလေးမြို့ကနေ ထွက်ခွာလာတဲ့ စစ်သင်္ဘောအုပ်စုဟာ ဩဂုတ် ၂၇ရက်မှာ ကချင်ပြည်နယ်အတွင်း ဝင်ရောက်လာတာဖြစ်ပါတယ်။
ကသာကနေ ရွှေကူမြို့ကို အဝင်လမ်းကြောင်းတလျှောက် တော်လှန်ရေးတပ်တွေက တိုက်ခိုက်မှုတွေ ရှိခဲ့လို့ စစ်သင်္ဘောတွေ ပျက်စီးမှု ရှိခဲ့ကြောင်း သတင်းရင်းမြစ်အချို့က အသိပေးထားပေမဲ့ အရေအတွက် အသေးစိတ်မသိရသေးပါဘူး။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ကောင်စီသင်္ဘောတွေလာတာကို KIAနဲ့ ပူးပေါင်းတပ်က လက်ဗလာနဲ့ ကြိုဆိုနှုတ်ဆက်နေမှာ မဟုတ်ဘူးလို့ အခုရက်ပိုင်းမှာ သတိပေးပြောကြားထားပါတယ်။
လက်ရှိမှာ စစ်သင်္ဘောတွေအပါအဝင် သင်္ဘော ၁၅စီးလောက်ပါတဲ့ စစ်သင်္ဘောအုပ်စုဟာ ရွှေကူကနေ ဗန်းမော်မြို့ကို ဆက်လက် ထွက်ခွာနိုင်ခြေရှိတယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။
“ဗန်းမော်ထိသွားဖို့ ရည်မှန်းချက် တော့ရှိပုံရတယ်။ အခြေအနေ အကဲခတ်နေတုန်းလို့ သုံးသပ်ရပါတယ်။ “ လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်ဟာ အခုတခေါက် ကချင်ပြည်နယ်ကို ရေကြောင်းကနေ စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းရာမှာ လေကြောင်းကနေ တိုက်လေယာဉ် လေယာဉ် အများအပြား အသုံးပြုပြီး သင်္ဘောလုံခြုံရေး လုပ်ဆောင်ခဲ့သလို မြေပြင်စစ်ကြောင်းတွေသုံးပြီးလည်း လုံခြုံရေးလုပ်ဆောင်နေပါတယ်။


















































