ထွန်းညိုဦး/People’s Spring
မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။
ပြီးခဲ့တဲ့သြဂုတ် ၁ ရက်ကမကွေးတိုင်း၊မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်း နွားကလေးနှစ်ကောင် ကျန်နေခဲ့တာတွေ့လို့ ပိုင်ရှင်အနေနဲ့ ဆက်သွယ်ပြီး လာယူလို့ရတဲ့အကြောင်း ဒေသခံတစ်ဦးက လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ စစ်ရှောင် နွားလေးနှစ်ကောင်ဟာ နွားသိုးလေးတွေ အထီးလေးနှစ်ကောင်ဖြစ်ပြီးအဖြူလေးတစ်ကောင်ကတော့ဂုတ်မှာအမှတ်ကြီးပါပါတယ်။
သြဂုတ် ၂၉ ရက်မှာတော့ နွားကလေးတွေရဲ့ ပိုင်ရှင်ဖြစ်သူဟာ ဆက်သွယ်ပြီး လာရောက်ခေါ်ယူခဲ့ပါတယ်။နွားပိုင်ရှင်ဟာသူ့နွားကလေးတွေကို ကောင်းကောင်းမွန်မွန် ပြန်တွေ့ရတဲ့အတွက် ဝမ်းသာနေခဲ့ပါတယ်။ “ကျွန်တော်လည်း ပျော်ပါတယ်။ ကျွန်တော်လည်း ဘာမှမကျန်ဘူး။ ဒါလေးနှစ်ကောင်ပဲကျန်တာ။ အိမ်ကမီးကလည်း အကုန်လုံး လောင်သွားတာ”လို့ ပြောပြခဲ့တယ်။

Public Service Announcement
နွားကလေးတွေကို စောင့်ရှောက်ထားတဲ့ လူငယ်ကို နွားပိုင်ရှင်က သူတက်နိုင်သလောက် ငွေရှစ်သောင်း မုန့်ဖိုးပေးပေမယ့် လူငယ်ဟာ မယူခဲ့ပါဘူး။ စစ်ရှောင်နွားကလေးတွေ ပိုင်ရှင်နဲ့ ပြန်ဆုံတာကို စောင့်ရှောက်ပေးထားတဲ့လူငယ်ရော ရွာခံတွေပါ ဝမ်းသာအားရ ဖြစ်ခဲ့ကြပါတယ်။
သခင်ပြန်လာခေါ်တော့ နွားကလေးတွေဟာ သူ့သခင်နားကကို မခွာကြတော့ပါဘူး။ အမှန်တကယ်တော့ နွားပေါက်စအရွယ်လေးတွေဟာ အသိုက်အမြုံနဲ့ မိခင်၊ ဒါမှမဟုတ် မိမိတို့ အမြဲယဉ်ပါးနေကျ သခင်ရဲ့ အနံ့အသက်ကို အလွန်အမင်း မှတ်မိတတ်ကြတဲ့ သဘာဝရှိပါတယ်။နွားပေါက်လေးတွေဟာ သာမန်အချိန်များမှာတောင် အရွယ်ရောက်ပြီးသား နွားကြီးတွေထက်စာရင်လူနဲ့ပိုပြီးအူယားစရာကောင်းလောက်အောင် ကပ်တတ်ကြပြီး၊ အထူးသဖြင့်မိမိတို့ကို ကြင်နာယုယပေးဖူးသူ၊ အစာကျွေးမွေးဖူးသူတို့ရဲ့ အသံနဲ့ ကိုယ်အနံ့ကို လွယ်လွယ်နဲ့ မေ့မရတတ်ကြပါဘူး။
ယခုဖြစ်စဉ်မှာလည်း သခင်ပြန်လာခေါ်တော့ နွားကလေးတွေဟာ သူ့သခင်နားကကို လုံးဝမခွာကြတော့ဘဲ ကပ်နေခဲ့ကြတာဟာ ၎င်းတို့ရဲ့ မွေးရာပါသစ္စာရှိမှုကို ထင်ဟပ်ပြနေတာ ဖြစ်ပါတယ်။ ရွာခံတွေဟာ သခင်အနီးမှာပဲ ကပ်နေကြတဲ့ နွားကလေးတွေကို သနားကာ ကရုဏာသက်ခဲ့ကြရပါတယ်။နွားဖြူကလေးဆိုရင် ပိုင်ရှင်ရဲ့လက်ကို လျှာနဲ့ တသသယက်ကာ သူတို့ရဲ့ လွမ်းဆွတ်မှုကို ထုတ်ဖော်ပြသခဲ့ပါတယ်။
သြဂုတ်လဆန်းပိုင်းက ရေကြီးရေလျှံမှုကြောင့် စစ်ကိုင်းတိုင်းမှာဆိုရင် ဒေသခံတောင်သူတွေရဲ့ နွားတွေ အများအပြား ရေထဲမျောပါသွားတာတွေရှိတယ်။ သေဆုံးတဲ့ နွားတွေလည်း မနည်းလှဘူး။တောင်သူတွေဟာ ကိုယ့်နွားကလေး ပြန်ရှာဖို့ မြစ်ရိုးတလျှောက် ကောက်ကောက်ပါအောင် လိုက်ရှာခဲ့ကြတယ်။ တွေ့တာလည်း တွေ့။ မတွေ့တာလည်း မတွေ့ပေါ့။ တောင်သူတွေအတွက် နွားဆိုတာ တိရိစ္ဆာန်မဟုတ်။ ကိုယ့်မိသားစုဝင်လိုကို သဘောထားကြတာလေ။ စစ်ဘေးရှောင်ရင်လည်း ကိုယ့်နွားကလေး လက်နက်ကြီးဒဏ်မထိအောင်၊စစ်ကြောင်းကနေဖမ်းဆီးသတ်ဖြတ်မစားအောင် အပါ ခေါ်သွားခဲ့ကြရတာ။
မြိုင်နယ်က သခင်နဲ့ ကွဲခဲ့ရတဲ့ စစ်ရှောင်နွားကလေး သူ့သခင် လာခေါ်လို့ အိမ်ပြန်ဖို့ စီစဉ်ကြတယ်။ သာမန်ဆိုရင် အဲဒီအရွယ်လေးတွေဟာ လမ်းခရီးမှာ ဆွဲရခက်တဲ့အရွယ်ဖြစ်ပါတယ်။ ဒါပေမဲ့ ပိုင်ရှင်နဲ့ ပြန်ဆုံတွေ့ရတာကို ဝမ်းသာနေကြလို့ထင်ပါရဲ့။ ပြန်လိုက်သွားကြတဲ့အခါ အနီလေးက ရှေ့က ကော့ကော့နဲ့၊ အဖြူလေးက နောက်ကနေ တန်းစီပြီး သိမ်မွေ့စွာ လိုက်ပါသွားကြပါတော့တယ်။


















































