သြဂုတ်−၂၉၊ ၂၀၂၆။ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူတွေ တိမ်းရှောင်နေရပါတယ်။
ဒီကနေ့ သြဂုတ် ၂၉ ရက် မနက်ပိုင်းမှာ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ သံပြားကာကား ၅စီး၊ ခြောက်ဘီးကား ၄စီး၊ ပွိုင့်ကား ၁စီးနဲ့ အင်အားအပြည့်ပါ စစ်ကောင်စီတပ်သားတွေဟာ ချောင်းဦးမြို့နယ်က ခင်မွန်ရွာနဲ့ ကျီကုန်းကျေးရွာအနီး စစ်ကြောင်းထိုးလာကြောင်း ဒေသခံတွေက ပြောပါတယ်။
“ခင်မွန်ဘက်ကနေ အင်အား၄၀၀လောက်နဲ့ ကျီကုန်းဘက်ဆီကို စစ်ကြောင်းထိုးလာနေတာ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
အဲဒီစစ်ကြောင်းဟာ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတာကြောင့် မယ့်သဲကြိုး၊ ကျီကုန်းအရှေ့ရွာ၊ ကျီကုန်းအနောက်ရွာ၊ အင်းမ၊ သစ်ဆိမ့်၊ ရွှေဒါးကျ၊ ညောင်ပင်သာ၊ ထန်းတောကြီး စတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိ စစ်ကြောင်းရောက်ရှိနေတဲ့ ခင်မွန်၊ ကျီကုန်း လမ်းပိုင်းကို ပြည်သူတွေ သွားလာခြင်းမပြုကြဖို့ တော်လှန်ရေးအဖွဲ့စည်းတွေက ယာယီပိတ်သိမ်းထားပါတယ်။
အာဏာသိမ်းစစ်တပ်က ရွှေဒါးကျရွာက သံဃာ ၁ပါး သေဆုံးခဲ့တဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကြောင်းထိုးလာတာလို့ ယူဆရကြောင်း ဒေသခံအချို့က ပြောပါတယ်။


















































