စက်တင်ဘာ -၁ ၊၂၀၂၆။ဖိုးသား/People’s Spring
ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအ၀င် ၁၅ ဦးထက်မနည်းထိခိုက်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဒီကနေ့(စက်တင်ဘာ ၁ ရက်) ညနေ ၄ နာရီခန့်မှာ စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲခဲ့မှုမှာ အရပ်သားနေအိမ်တွေပေါ် ဗုံးထိမှန်ပြီး သေဆုံးသူများခဲ့တာလို့ ဆိုပါတယ်။
“ထိတာ ကလေးတွေပါတယ်။အပိုင်းပိုင်းပဲ။ဘယ်လိုအငြိုးကြောင့်လုပ်ရပ်ကြတာလဲ”လို့ မော်ချီး ဒေသခံတစ်ဦး ပြောပါတယ်။

Public Service Announcement
လက်ရှိ မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေဆီက ရရှိထားတဲ့ အချက်အလက်တွေအရ ကလေးငယ်အပါအဝင် ၆ဦးသေဆုံးပြီး ၇ဦးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ညနေ ၄နာရီ ဝန်းကျင်မှာ။နှစ်နေရာ ကြဲခဲ့တယ်”လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ဦးဗညားက ပြောပါတယ်။
သတ္တုတူးဖော်တဲ့ဒေသခံနဲ့ ရွှေ့ပြောင်းလုပ်သားများစွာရှိနေတဲ့ မော်ချီးဒေသမှာ တိုက်ပွဲလုံးဝမရှိပေမယ့် စစ်တပ်က ၂၀၂၅ မတ်လနောက်ပိုင်းကစလို့ သြဂုတ်အထိ တစ်လအနည်းဆုံး ၂ကြိမ် လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။
စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အခုဖြစ်စဥ် အပါအ၀င် သေဆုံးထိခိုက်သူက ၁၀၀ ၀န်းကျင် ရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ် ၁၇ရက်မှာ မော်ချီးဒေသက လိုခါးလိုကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ ဒေသခံ၊ ရွှေ့ပြောင်းလုပ်သားနဲ့ ကလေးငယ်တွေအပါအဝင် ၃၂ဦး သေဆုံးခဲ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် ညှာတာမှုကင်းမဲ့စွာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေက စစ်ရာဇဝတ်မှုကျူးလွန်နေတာဖြစ်ပြီး ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံ တကာအစိုးရတွေအနေနဲ့ အရေးယူပေးဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က တိုက်တွန်းထားပါတယ်။

















































