စက်တင်ဘာ-၃၊၂၀၂၆။ဇော်ရမ်း/People’s Spring
ရခိုင်ပြည်နယ်၊ဂွ၊ကျိန္တလီနဲ့ဂျိတ်တောမြို့အနီးပတ်ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ပင်လယ်ပြင်မှာတပ်စွဲထားတဲ့စစ်သင်္ဘောတွေပေါ်ကနေ ဒီနေ့မှာလက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်း၊ ရေကြောင်းရန်ကို အထူးသတိထားကြဖို့ AAက အရေးပေါ်သတိပေးချက်ထုတ်ပြန်ပါတယ်။
စက်တင်ဘာလ(၃) ရက်၊နံနက်(၁၁)နာရီ (၀၂) မိနစ်ခန့်ကစပြီးစတင်ပစ်ခတ်တိုက်ခိုက်နေတာလို့ အာရက္ခတပ်တော်(AA) ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“ပစ်ခတ်သံတွေလည်းကြားနေရတယ်။ လေယာဉ်တွေလည်းပျံနေတယ်။ ရခိုင်ဘက်ကို ဦးတည်ပြီးသွားနေကြတာ”လို့ ဂွမြို့နဲ့ ရေလမ်းဆက်စပ်နေတဲ့ ဧရာဝတီတိုင်း၊ ရွှေ သောင်ယံမြို့နယ်မှဒေသခံဦးကဒီနေ့မနက်ပိုင်းအခြေအနေကို ပြောပါတယ်။

Public Service Announcement
စစ်တပ်က ဂွမြို့ကိုတိုက်ခိုက်ဖို့အတွက်ရွှေသောင်ယံအပါအဝင် ဧရာဝတီတိုင်းကနယ်စပ်မြို့နယ်တွေကိုအင်အားဖြည့်နေပါတယ်။ပြီးခဲ့တဲ့သြဂုတ်လ ၂၇ရက်နေ့က ရွှေသောင်ယံမြို့ကိုဖြတ်သွားတဲ့ရခိုင်-ဧရာဝတီကမ်းခြေပတ်လမ်းပေါ်ကနေစစ်ကားအစီးရေ ၅၀ခန့်ဖြတ်သွားပြီး ရွှေသောင်ယံကမ်းခြေမှာလည်း စစ်သင်္ဘောဆယ်စီးကျော် တပ်စွဲခဲ့ပါတယ်။ အဲဒီသင်္ဘောတွေပေါ်ကနေတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်နေတာလို့ သိရပါတယ်။
AAက ဂွမြို့နယ်အပြင်ဆက်စပ်မြို့နယ်တွေဖြစ်တဲ့ကျိန္တလီနဲ့ဂျိတ်တောမြို့ကို ၂၀၂၄ခုနှစ်ထဲမှာ သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။
ဂွဒေသခံတဦးက တော့ သြဂုတ်လကုန်ပိုင်းမှာ “သူတို့က ကမ်းတက်ဖို့ကြိုးစားနေတာထင်တယ်။ ဂွနဲ့ သံတွဲမှာ ဗုံးကြဲတဲ့နေရာတွေကို ကြည့်လိုက်ရင် တော်တော် များများက ကမ်းခြေရွာတွေ၊ ငပလီကမ်းခြေတလျှောက်ကိုဆိုလည်း ဗုံးကြဲတာ ဆက်တိုက်ပဲ၊ အဲဒီကနေ ကမ်းတက် ဖို့ ကြိုးစားနေတာ”လို့ပြောပါတယ်။
စစ်တပ်ဟာ ဂွ၊ သံတွဲမြို့နယ်အတွင်းကရွာတွေကို လေကြောင်းဗုံးကြဲသလို ပင်လယ်ပြင်ရှိ စစ်သင်္ဘောတွေက နေလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာပါ။ ဒါပေမယ့် စစ်သင်္ဘောတွေကတော့ ကမ်းခြေအနီး မကပ်ရဲကြ ဘူးလို့ သိရပါတယ်။
“ကမ်းခြေနဲ့ နီးနီးကပ်ကပ်မနေရဲဘူး။ ကပ်လာရင်လည်း AA က လက်နက်ကြီးနဲ့ လှမ်းပစ်မှာပဲ၊ ကမ်းတက်ဖို့ဆိုတာ ဖြစ်နိုင်မယ်မထင်ဘူး။ လေကြောင်းကနေပဲဖျက်ဆီးလို့ ရချင်ရမယ်”လို့ အထက်ပါ ဂွဒေသခံက သြဂုတ်လကုန်ပိုင်းမှာပြောပါတယ်။
စစ်တပ်စစ်ကြောင်းတွေဟာဂွမြို့နယ်အတွင်းကိုဝင်ရောက်နိုင်ဖို့ လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေပြီး ကုန်းလမ်း၊ ရေလမ်းတွေကနေ နည်းအမျိုးမျိုးနဲ့ထိုးဖောက်ဖို့ကြိုးစားနေတာကြောင့် ရခိုင်-ဧရာဝတီ အစပ် နေရာတွေမှာတိုက်ပွဲတွေ နေ့စဉ်ပြင်းထန်နေတယ်လို့ AAက ပြီးခဲ့တဲ့ ဇွန်လကုန်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကစတင်ပြီး ဂွမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်ထဲကမြို့နယ်တွေကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပိုမိုဆိုးရွားလာသလို ကလေးငယ်နှင့်သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။


















































