စက်တင်ဘာ -၄၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ−၂၂ )ကို အခြေပြုပြီး အာဏာသိမ်းစစ်တပ်က ဆောနဲ့ ပေါက်မြို့နယ်တွေကို အင်အားနဲ့ လက်နက်ခဲယမ်းတွေထောက်ပို့နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဆောမြို့နယ်၊ကျောက်ထုမြို့က စစ်တပ်စစ်ကြောင်းနဲ့ ပေါက်မြို့နယ်က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ရွာတွေအတွက် ကပစ (၂၂)ကနေ ထောက်ပံ့မှုတွေရောက်ရှိဖို့နဲ့ ဖြတ်တောက်မခံရစေဖို့ ထောက်ပို့ယာဥ်တွေ အတွက် မြေပြင်နဲ့ ဝေဟင်ကပါ နေ့စဥ် နီးပါး ကာကွယ်လျက်ရှိတယ်လို့ ဆိုပါတယ်။
“ချေမှုန်းနိုင်ရေးအတွက် နည်းပညာ၊ရန်ပုံငွေ၊စုစည်းညီညွတ်မှုများစွာလိုနေသေးတာကြောင့် မြေပြင် ထောက်ပို့ကားတွေကိုပါ မတားဆီးနိုင် ဖြစ်နေပါတယ်”လို့ ဆိပ်ဖြူမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် အခုရက်ပိုင်းမှာ ကပစ (၂၂)ကနေ ထောက်ပို့ ယာဉ်တန်းတချို့ထွက်လာဖို့ရှိတာကြောင့် စစ်တပ်က မြေပြင်စစ်ကြောင်းတွေ နဲ့ ကင်းချတပ်စွဲထားတာတွေရှိနေတယ်လို့ အသိပေးပါတယ်။
“ပြီးခဲ့တဲ့နှစ်လကတည်းက ဆိပ်ဖြူကပစ (၂၂)ထဲကို အင်အား ၅၀၀ ၀န်းကျင်လောက်ရောက်နေတယ်။အဲဒီ အင်အားတွေနဲ့ ကင်းချတာ စစ်ကြောင်းထိုးတာ တွေလုပ်နေတယ်”လို့ ဆိပ်ဖြူမြို့နယ် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
ဆိပ်ဖြူနယ်က ပုသိမ်-မုံရွာ ၊ဆော-ဆိပ်ဖြူ နဲ့ ဆိပ်ဖြူ- ပေါက် လမ်းပိုင်းတွေကို ထိန်းချုပ်ဖို့ စစ်တပ်က ကြိုးပမ်းနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
လက်ရှိ အာဏာသိမ်းစစ်တပ်က ဆောမြို့နယ်၊ကျောက်ထု မြို့ကနေ ချင်းပြည်နယ် မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသလို ထီးလင်းမြို့နယ်က ချင်းတောင်ပိုင်းနယ်စပ်ကုန်သွယ်ရေးရှိရာနေရာကို ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးနေတာရှိပါတယ်။
မကွေးတိုင်းမှာ မကွေးမြို့အခြေစိုက် တပ်မ(၈၈)နဲ့ ပခုက္ကူမြို့က တပ်မ(၁၀၁)တပ်တွေရှိပေမယ့် စစ်တပ်ရဲ့သီးသန့်တိုင်းစစ်ဌာနချုပ်တွေမရှိဘဲ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)က ခွဲဝေ ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ဆိပ်ဖြူမြို့နယ်မှာက စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းရုံး ကပစ (၂၁၊ ၂၂) နဲ့ အမှတ်(၉)လေကြောင်းရန်ကာ ကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(လစခ) တို့ရှိပါတယ်။
အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁)က လေတပ်သုံးဗုံးတွေထုတ်ပြီး အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ−၂၂ )မှာ လက်နက်တွေ ထုတ်နေတာဖြစ်ပါတယ်။

















































