စက်တင်ဘာ-၄၊၂၀၂၆။ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိစစ်တွေမြို့နယ်အတွင်းမှာတိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး စစ်တွေအခြေစိုက်စစ်တပ် တပ်ရင်းတွေနဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
စက်တင်ဘာလ ၄ ရက် မနက်ပိုင်းအစောပိုင်းမှာစစ်တွေရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်နဲ့ အမြင့်ကျွန်း အနီးဝန်းကျင်တို့မှာအာရက္ခတပ်တော်(AA) နဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေခဲ့တာဖြစ်ပြီး စစ်တပ်က အထိနာနေ တာကြောင့် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတာလို့ ဆိုပါတယ်။
“တိုက်ပွဲဖြစ်နေတာ။တိုက်ပွဲမှာနာလို့မြေပြင်ကလည်းအင်အားဖြည့်ပြီးတိုးလာတယ်။လက်နက်ကြီးနဲ့လည်း ရမ်း ပြီး လျှောက်ပစ်နေတယ်။ အလုံး ရာချီပြီ။ အရပ်သားအထိအခိုက်တွေ ရှိတယ်။အခုတိုက်ပွဲပြင်းနေတုန်း၊ လက်နက်ကြီးလည်းပစ်တုန်းဆိုတော့ ဘာမှ သေချာမသိရသေးဘူး” လို့ မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement
မနက် ၆ နာရီကျော်အချိန်ကနေ အခုနေ့လယ်ပိုင်းထိ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတယ်လို့စစ်တွေမြို့နယ်နဲ့ထိစပ်နေတဲ့ပေါက်တောမြို့နယ်မှ ဒေသခံတဦးကပြောပါတယ်။
“မနက် ၆ နာရီလောက်ကဂျက်နှစ်စီးပျံသွားတယ်။အဲဒါပြီးတော့ သိပ်မကြာဘူး။ ၆ နာရီ မိနစ် ၄၀ လောက်မှာ လက်နက်ကြီးတွေ စပစ်တယ်၊ အခုထိ ကြားတုန်း၊ တလုံးနဲ့ တလုံး မိနစ်ပိုင်းပဲခြားတယ်။ အတွဲလိုက်တွေလည်း ပစ်တယ်။လက်နက်ငယ်သံတွေပါ ကြားရတယ်”လို့ စက်တင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မြို့ပေါ်တပ်ရင်းတွေနဲ့ ကုလားတန်မြစ်၀မှာ နေရာယူထားတဲ့ စစ်သင်္ဘောတွေကနေ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်ဘက်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာဖြစ်ပြီး အာရက္ခတပ်တော်(AA)ကလည်း လက်နက်ကြီး နဲ့ပစ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
AA ဟာစစ်တွေမြို့ပတ်လည်ကရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ပေါက်တောမြို့နယ်တို့ကို သိမ်းပိုက်ထားပြီးပတ်ပတ်လည်ကဝန်းရံကာအာဏာသိမ်းစစ်တပ်ရဲ့ စစ်တွေအခြေစိုက်စစ်တပ်တပ်ရင်း၊ တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။
အဲဒီလိုတိုက်ခိုက်ခံနေရချိန် စစ်တပ်ဘက်ကလည်း တပ်ရင်းတွေနဲ့ ရှေ့တန်းစခန်းတွေဆီ အင်အားအလုံးအရင်း ဖြည့်ထားတာ ရိုဟင်ဂျာတွေကိုလည်း စစ်သင်တန်းပေး ရှေ့တန်းပို့ထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်ဟာစက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းကလည်း စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်အတွင်းက နေရာ ခြောက်ခုထက်မနည်းကိုဗုံးအလုံးရေသုံးဆယ်ဝန်းကျင်ကြဲခဲ့ပါသေးတယ်။
လက်ရှိစစ်တွေမြို့နယ်အတွင်းက တိုက်ပွဲအခြေအနေအသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို ရခိုင်ပြည်နယ် တောင်ပိုင်း ဂွကမ်းခြေနဲ့၊ သံတွဲ ငပလီကမ်းခြေတလျှောက်ကျေးရွာတွေကိုလည်း ပင်လယ်ပြင်ရှိ စစ်သင်္ဘောတွေက နေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
“မနေ့ကလည်း ပစ်တယ်။ ဒီနေ့မှာလည်း ပစ်နေတယ်။ နေ့ခင်း ၁၂ နာရီလောက်ကနေ ပစ်နေတာ အခုထိ၊ ကမ်းခြေ ရွာတွေ အကုန်ရှောင်နေကြရတယ်”လို့သံတွဲဒေသခံတဦးက ပြောပါတယ်။
နိုင်ငံအဝှမ်းစစ်အရေးအရ အထိနာနေတဲ့စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက သူတို့လက်လွှတ်ထားရတဲ့နယ်မြေ တွေကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ ရခိုင်နဲ့အစပ် မကွေး၊ ပဲခူး၊ ဧရာ၀တီတိုင်းတို့ကနေ အင်အားအလုံးအရင်းနဲ့ စစ် ကြောင်းထိုးလာနေပြီး လေကြောင်းကနေလည်း ဗုံးကြဲတာတွေ ဆက်တိုက်လုပ်နေတာပါ။

















































