စက်တင်ဘာ – ၄ ၊၂၀၂၆
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဉ်အတွင်း ဆန္ဒပြခဲ့တဲ့ ထိုင်းလွှတ်တော် အမတ်ဟာ မြန်မာပြည်သူတွေဆီက ထောက်ခံချီးကျူးတဲ့စာတွေ အများအပြား လက်ခံ ရရှိနေတယ်လို့ ဆိုပါတယ်။
ဩဂုတ်လဆန်းပိုင်းတုန်းက မင်းအောင်လှိုင်ကို ထိုင်းလွှတ်တော် ဥက္ကဋ္ဌက ကြိုဆိုတဲ့ အခမ်းအနား တစ်ခုမှာ ဆန္ဒပြခဲ့တာကြောင့် အနူဆွမ် သွမ်ချိုင်ဟာ မြန်မာပြည်သူတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အနူဆွမ်က သူ့ရဲ့ လုပ်ရပ်ဟာ အိမ်နီးချင်း နိုင်ငံမှာ စစ်တပ်ရဲ့ အုပ်စိုးမှုကို ဆန့်ကျင်ကြောင်း ပြသခြင်းလည်း ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီရာကူရဲ့ ဖိတ်ကြားမှုကြောင့် ဩဂုတ် ၆ ရက်နဲ့ ၇ ရက်နေ့တွေတုန်းက ဘန်ကောက်ကို တရားဝင် အလည်အပတ် ခရီးစဉ် သွားရောက်ခဲ့ပါတယ်။

Public Service Announcement
သူဟာ လွှတ်တော် အဆောက်အအုံရှေ့မှာ အခမ်းအနားနဲ့ ကြိုဆိုခံရပြီး မင်္ဂလာယူနေချိန်မှာ အနူဆွမ်က လူအုပ်ထဲကနေ ‘ငြိမ်းချမ်းရေးအတွက်၊ လူသားချင်း စာနာမှုအတွက်’လို့ အော်ဟစ်ရင်း ဆန္ဒပြခဲ့ပါတယ်။ နောက်တော့ လုံခြုံရေး အရာရှိတွေက အနူတင်ကို အဲဒီနေရာကနေ ဆွဲခေါ်သွားခဲ့ရပါတယ်။
ထိုင်းလွှတ်တော်ထဲမှာ ဒုတိယ အင်အား အတောင့်ဆုံးနဲ့ အဓိက အတိုက်အခံ အင်အားစုဖြစ်တဲ့ ပြည်သူ့ပါတီ (PP)ရဲ့ အမတ်တစ်ဦးဖြစ်သူ အနူဆွမ်က သူ့ရဲ့ ဆန္ဒပြမှုဟာ လွှတ်တော်အမတ် တစ်ယောက်အနေနဲ့ မဟုတ်ဘဲ လူသားတစ်ယောက် အနေနဲ့ လုပ်သင့်တာကို လုပ်ခဲ့တာလို့ မကြာသေးခင်က ဂျပန် သတင်းဌာန Kyodo Newsနဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် ရန်လိုမှုတွေ ရပ်တန့်စေဖို့ အခုလို ဆန္ဒပြမှုမျိုး လိုအပ်တယ်လို့ သူယုံကြည်ကြောင်းလည်း အနူဆွမ်က ဆိုပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ မြန်မာပြည်သူတွေ၊ မြန်မာနိုင်ငံက ဒီမိုကရေစီ လိုလားသူတွေက သူ့ဆီကို ကျေးဇူးတင်ကြောင်းနဲ့ ချီးကျူးထောက်ခံကြောင်း ရေးသားထားတဲ့ စာတွေ ပေးပို့လာကြတယ်လို့လည်း အနူဆွမ်က အတည်ပြုသွားပါတယ်။
မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်ရဲ့ ညှင်းပန်းဖိနှိပ်မှုတွေအောက်မှာ အချိန်အကြာကြီး ဒုက္ခခံလာရပြီးပြီလို့ သူက ဆိုပါတယ်။ မင်းအောင်လှိုင်က နိုင်ငံ ငြိမ်းချမ်းရေးအတွက် အတိုက်အခံ အင်အားစုတွေနဲ့ ဆွေးနွေးဖို့ အသင့်ရှိနေတယ်လို့ ပြောထားတဲ့ စကားကိုလည်း သူမယုံဘူးလို့ အနူဆွမ်က Kyodo Newsနဲ့ အင်တာဗျူးမှာ မှတ်ချက်ပေးသွားခဲ့ပါတယ်။
တော်လှန်ရေး အင်အားစုတွေအပြင် အရပ်သား ပစ်မှတ်တွေကိုပါ ရက်ရက်စက်စက် ဗုံးကြဲမှုတွေကို စစ်တပ်က ဆက်လက် လုပ်ဆောင်နေသ၍ ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်လာနိုင်ခြေ မရှိဘူးလို့လည်း အနူဆွမ်က သူ့အမြင်ကို ပြောပါတယ်။
ဒါ့အပြင် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က မြန်မာ့အကျပ်အတည်းကို ကူညီဖြေရှင်းပေးဖို့ ညှိနှိုင်းလက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတဲ့ အာဏာသိမ်း မြန်မာစစ်တပ်ကို တရားဝင် ထိတွေ့ ဆက်ဆံတဲ့ ထိုင်းအစိုးရရဲ့ လုပ်ရပ်ကိုလည်း သူက ဝေဖန်သွားပါတယ်။
မင်းအောင်လှိုင်ဟာ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ အကျိုးစီးပွား ကိစ္စတွေကို မဆွေးနွေးခင် ပြည်တွင်းက အကြမ်းဖက်မှုတွေကို ရပ်တန့်စေဖို့ အရင်ဆုံး အာရုံစိုက်သင့်ကြောင်း အနူဆွမ်က ပြောကြားသွားပါတယ်။
ကိုးကား – Bangkok Post

















































