စက်တင်ဘာ – ၄ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ပိုင်း ဖလူးလေးရွာအနီး ကျွန်းတောကို ဒီနေ့(စက်တင်ဘာ ၄ရက်)နေ့ခင်းပိုင်းမှာ အာဏာသိမ်း စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ သွားတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
ဖလူးလေးရွာအနီးရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် ( DKBA) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်စောဆန်းအောင်ရဲ့ ခြံ ဝင်းရှေ့ ခြမ်းကို နေ့ခင်းပိုင်း ၂ နာရီအချိန်ခန့်က စစ်တပ်ရဲ့ ဒရုန်းတစ်စီး လာရောက်ပျံဝဲလာပြီး ဗုံးတစ်လုံးကြဲချခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် အဲဒီနေရာမှာ ရှိနေတဲ့ အရပ်သား လေး ဦး ထိခိုက်မှုရှိခဲ့ပါတယ်။
“လေးယောက်ထိတယ်၊ တစ်ယောက်က ပွဲချင်းပြီးသေတယ်၊ နောက်တစ်ယောက်က အသည်းအသန်၊စျေးရောင်းတဲ့သူတွေ” လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
ကျွန်းတော လို့ ဒေသခေါ်ဝေါ်ကြတဲ့ DKBA ဗိုလ်ချုပ်စောဆန်းအောင်ရဲ့ ခြံဝင်းအရှေ့က စျေးဆိုင်တွေရှိတဲ့နေရာကို ဒရုန်းနဲ့ ဗုံးကြဲချခဲ့လို့ သိရပါတယ်။
အဲဒီ နေရာတဝိုက်မှာ စစ်တပ်ရဲ့ ဒရုန်းတွေ အမြဲတမ်းလာရောက်ပျံဝဲလာပေမယ့်အရင်ကတော့ စစ်တပ်ဒရုန်းတွေဟာဗုံး ကြဲချတိုက်ခိုက်တာမျိုးမရှိဘူးလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
ဒီနေ့ ဒရုန်းကြဲချခဲ့တဲ့နေရာအနီးက DBKA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်ရဲ့ စခန်းကို ပြီးခဲ့တဲ့လ ဩဂုတ် ၁၇ ရက်ကလည်း စစ်တပ်က မြ၀တီမြို့ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်ခဲ့တာကြောင့် DKBA တပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ပြီး ၂၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့တာရှိထားပါတယ်။

















































