သမ္မတရဲ့ အသက်ကို လူသိရှင်ကြား ခြိမ်းခြောက်စကား ပြောခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ဖိလစ်ပိုင် ဒုတိယ သမ္မတ ဆာရာဒူတာတေးကို ဖိလစ်ပိုင် တရားရုံး တစ်ခုက ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတုန်းက အွန်လိုင်း အစည်းအဝေး တစ်ခုမှာ ဆာရာက တကယ်လို့ သူသာ လုပ်ကြံခံရရင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ၊ သမ္မတကတော် လိုင်ဇာ မားကို့စ်၊ အောက်လွှတ်တော် ဥက္ကဋ္ဌ မာတင် ရိုမော်လ်ဒက်ဇ်တို့ကို လက်စားချေ သတ်ဖြတ်ပေးဖို့ လူသတ်သမား ကြိုငှားထားကြောင်း ပြောကြားခဲ့ပါတယ်။ ဒီစကားကို သူက ပျော်စေပျက်စေ နောက်ပြောင် ပြောခဲ့တာ မဟုတ်ဘူးလို့လည်း ဆာရာက ဆိုပါတယ်။
အဲဒီကိစ္စဟာ အတော်လေး ဂယက်ထခဲ့ပြီး ၂ နှစ်နီးပါးအကြာ စက်တင်ဘာ ၄ ရက်နေ့မှာတော့ ကွီဇုန်စီးတီးမှာရှိတဲ့ တရားရုံး တစ်ခုက ဆာရာကို လူသတ်ဖို့ ခြိမ်းခြောက်မှု ၃ ခုအတွက် ဖမ်းဝရမ်း ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ စွပ်စွဲချက်တွေက အာမခံပေးလို့ ရတဲ့အမှုမျိုးတွေ ဖြစ်တာကြောင့် ဆာရာဟာ လက်တွေ့ အဖမ်းခံရနိုင်ခြေတော့ နည်းပါတယ်။ ဆာရာရဲ့ ရှေ့နေအဖွဲ့ကလည်း အဲဒီဝရမ်းတွေအတွက် ဥပဒေနဲ့အညီ တုံ့ပြန် ရင်ဆိုင်သွားမယ်လို့ ပြောကြားထားပါတယ်။
ဒါပေမဲ့ တကယ်လို့ စွပ်စွဲချက်တွေအတွက် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ် ခံရရင်တော့ လက်ရှိ သမ္မတ မားကို့စ်ရဲ့ ၆ နှစ် ရာထူးသက်တမ်းအပြီး ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ဆာရာရဲ့ မျှော်လင့်ချက်တွေအပေါ် ထိခိုက်လာနိုင်ပါတယ်။

Public Service Announcement
ဒူတာတေးနဲ့ မားကို့စ် မိသားစုတွေဟာ ဖိလစ်ပိုင်မှာ နိုင်ငံရေး ဩဇာ အကြီးမားဆုံး ပြိုင်ဘက်တွေ ဖြစ်ခဲ့ပေမယ့် ၂၀၂၂ ရွေးကောက်ပွဲမှာတော့ မဟာမိတ်ဖွဲ့ဖို့ သဘောတူခဲ့ပါတယ်။ ဖိလစ်ပိုင်မှာ သမ္မတနေရာနဲ့ ဒုတိယ သမ္မတ နေရာတွေအတွက် သီးခြားစီ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရပြီး မားကို့စ်က သမ္မတ နေရာမှာ ဝင်ပြိုင်၊ ဆာရာက ဒုတိယ သမ္မတနေရာမှာ ဝင်ပြိုင်ပြီး နှစ်ဦးစလုံး အနိုင်ရခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူတို့နှစ်ဦးကြား တင်းမာမှုတွေ ပြန်လည်မြင့်တက်လာပြီး ဆက်ဆံရေး လုံးဝ ပြိုကွဲသွားပါတယ်။
၂၀၂၄ ခုနှစ်တုန်းက အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ စကားနဲ့ ပတ်သက်လို့တော့ ဆာရာက သူဟာ မားကို့စ်ကို ခြိမ်းခြောက်ဖို့ ဆိုတာထက် သူ့ရဲ့ လုံခြုံရေးအတွက် ဘယ်လောက် စိုးရိမ်နေသလဲ ဆိုတာကို မြင်သာစေချင်တာသာ ဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း အစိုးရက ရာဇဝတ်ကြောင်းနဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ ရှုထောင့်ကနေ စုံစမ်းမှုတွေ စတင်လာခဲ့ပါတယ်။
ဆာရာဟာ နိုင်ငံတော် လျှို့ဝှက်ရန်ပုံငွေတွေကို အလွဲသုံးစားပြုမှု၊ ကြွယ်ဝချမ်းသာမှုနဲ့ ပတ်သက်လို့ အထောက်အထား မပြသနိုင်မှုစတဲ့ စွပ်စွဲချက်တွေကြောင့် အောက်လွှတ်တော်မှာ စွပ်စွဲပြစ်တင်မှုကို ခံထားရပြီး အဲဒီကိစ္စကိုလည်း ကိုင်တွယ် ဖြေရှင်းနေရဆဲပါ။
သူ့ရဲ့ဖခင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကတော့ အာဏာလက်ရှိ ကာလတုန်းက မူးယစ်ဆေးဝါး နှိမ်နင်းမှု လုပ်ငန်းတွေမှာ လွန်လွန်ကဲကဲ ကြမ်းကြုတ်တဲ့ ဖြိုခွင်းမှုတွေကို အမိန့်ပေး ခိုင်းစေခဲ့ကြောင်း စွပ်စွဲချက်အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ ထိန်းသိမ်း ခံထားရပြီး နိုဝင်ဘာ ၃၀ မှာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ကြောင်း စွဲချက်တွေနဲ့ တရားရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
ကိုးကား: Reuters

















































