၂၉-ဇူလိုင်၊၂၀၂၆။နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့အခြေစိုက်ထိုင်းရာဇဝတ်တရားရုံးကဇူလိုင် ၂၇ ရက်နေ့ ရက်စွဲပါထုတ်ပြန်အသိပေးချက်မှာ BGF တပ်နယ်(၄)တပ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ဟာ ထိုင်းနိုင်ငံမှာ လူစုလူဝေးပြုလုပ်မှု နဲ့ လူကုန်ကူးမှုတွေ ပြုလုပ်တာကြောင့် ဖမ်းမိန့်ထုတ်ပြန်ရတာလို့ ဖော်ပြပါတယ်။
ဗိုလ်မှူးကြီးစောမုတ်သုန်ဟာထိုင်း-မြန်မာ နယ်ခြားကော်မတီမှာလည်းပါဝင်သူတစ်ဦးဖြစ်ပါတယ်။ စောချစ်သူတို့ BGF တပ်ဖွဲ့က ကရင်အမျိုးသားတပ်(KNA)က အသွင်းပြောင်းတဲ့အထဲမှာလိုက်ပါပြောင်းလဲခြင်းမရှိပဲ စစ်တပ်လက်အောက်ခံအဖြစ်နဲ့သာ ဆက်ရှိနေခဲ့သူဖြစ်ပါတယ်။

Public Service Announcement
ဒါ့အပြင်မြ၀တီမြို့ပေါ်ရပ်ကွက်နဲ့ မြ၀တီတောင်ဘက် စောမုတ်သုန်ထိန်းချုပ်တဲ့ အင်ကြင်းမြိုင်၊ မဲထော်သလေးရွာတွေဘက်မှာရှိတဲ့ အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)တွေဟာ စောမုတ်သုန်လက်အောက်ခံ BGF တပ်ဖွဲ့ဝင်တွေရဲ့အကာအကွယ်နဲ့ ဆက်လက်လည်ပတ်နေတာလို့ ဒေသခံသတင်းရင်းမြစ်အချို့ကပြောပါတယ်။
ဒါ့အပြင်တရားမဝင် ထိုင်းကုန်သွင်းယူတာတွေ၊ လောင်းကစားလုပ်ငန်းတွေ စတဲ့ ရာဇဝတ်မှုလုပ်ငန်း၊မှောင်ခိုလုပ်ငန်းတွေကိုလည်းလုပ်ကိုင်နေတယ်လို့ဒေသခံအချို့ကဆိုပါတယ်။ ဒါဆပမယ့် ရာဇဝတ်မှုလုပ်ငန်းတွေက ရရှိလာတဲ့ငွေတွေနဲ့ အလှူအတန်းတွေကို လုပ်ပြနေလေ့ရှိပြီး ငြိမ်းချမ်းရေးစကားကိုလည်း တွင်တွင်ပြောနေသူတစ်ဦးလည်းဖြစ်တယ်လို့ဒေသတွင်း သတင်းရင်းမြစ်အချို့ကပြောပါတယ်။
လက်ရှိ မြ၀တီမြို့တောင်ဘက်ဖလူး၊ မင်းလက်ပံဒေသမှာ စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာလည်း ဗိုလ်မှူးကြီးစောမုတ်သုန်တို့ BGF တပ်နယ်(၄)အဖွဲ့က စစ်တပ်နဲ့ပေါင်းပြီး တော်လှန်ရေးတပ်တွေကိုတိုက်ခိုက်ပေးနေတာဖြစ်တယ်။
ကရင်နယ်ခြားစောင့်တပ် (BGF)ရဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ဒုတိယ ဗိုလ်မှူးကြီး စောမုတ်သုန်၊ ဗိုလ်မှူး စောတင်ဝင်းတို့ကို ဖမ်းဝရမ်း ထုတ်နိုင်ဖို့အတွက် ထိုင်းအထူးထောက်လှမ်းရေး ဌာန (DSI)က ၂၀၂၅ နှစ်ဆန်းပိုင်းမှာအထောက်အထားတွေနဲ့အတူ ထိုင်းရှေ့နေချုပ်ရုံးဆီ တင်ပြ တောင်းဆိုခဲ့ဖူးပါတယ်။
၂၀၂၅ ဖေဖော်ဝါရီလတုန်းကလည်း DSI ဟာ BGF ခေါင်းဆောင် ၃ဦးကို နိုင်ငံခြားသားတွေအပေါ် လူကုန်ကူးတဲ့ ရာဇဝတ်မှုတွေနဲ့ ဆက်နွှယ်ပတ်သက်ကြောင်း စွပ်စွဲပြီး ဖမ်းဝရမ်း ထုတ်နိုင်ဖို့ တင်ပြခဲ့ဖူးပေမယ့် အထောက်အထား မခိုင်လုံလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချ ခံခဲ့ရပါတယ်။
၂၀၂၅ မတ်လဆန်းမှာတော့ DSI ဟာ ဖမ်းဝရမ်း ထုတ်နိုင်ဖို့ လုံလောက်တဲ့ အနေအထားမျိုး ရှိနေပြီလို့ ယုံကြည် ယူဆခြင်းနဲ့အတူ BGF ခေါင်းဆောင်တွေကို ဖမ်းဆီးခွင့်ပြုရေး အဆိုပြုချက်ကို ရှေ့နေချုပ်ရုံးဆီ မတ်လ ၃ ရက်နေ့မှာ တင်ပြခဲ့တာလို့ ထိုင်းသတင်းဌာနက ဖော်ပြထားခဲ့ပါတယ်။ဒါပေမယ့် ဖမ်းဝရမ်းထုတ်ခံရခြင်းမရှိသလို ၊BGF ခေါင်းဆောင်စောချစ်သူကလည်း သူတို့ဟာထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေထိခိုက်နစ်နာအောင်ဘာမှ မလုပ်ဖူးလို့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ် ။
ထိုင်းအစိုးရဟာ အမေရီကန် FBI နဲ့ ကျားဖြန့်တိုက်ဖျက်ရေးအပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေတိုက်ဖျက်ရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်ကြဖို့ မကြာသေခင်ကသဘောတူညီမှုရရှိထားပါတယ်။
















































