“ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ကိစ္စတွေက လွတ်ငြိမ်းချမ်းသာခွင့် ရသွားမယ့် ကိစ္စတွေ မဟုတ်ဘူး။ နိုင်ငံတကာဥပဒေတွေအောက်မှာ မင်းအောင်လှိုင်က war criminal (စစ်ရာဇဝတ်သား)က war criminalပဲ။ အဲဒါကပြောင်းစရာအကြောင်းမရှိဘူး” ဒေါ်ခင်ဥမ္မာ(Progressive Voice-တည်ထောင်သူ)
ဧပြီ-၇၊ ၂၀၂၆။ သော်မွန်/People’s Spring
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့အစိုးရကို အာဆီယံအပါအဝင် နိုင်ငံတကာက တရားဝင်လက်ခံမှု(legitimacy)ပေးမှာမဟုတ်ဘဲ မိမိကိုယ်ကို သမ္မတအဖြစ် ခန့်အပ်မှုကို ပုလင်းတူဗူးစို့အာဏာရှင် နိုင်ငံတချို့ကသာ အသိအမှတ်ပြု လက်ခံလိမ့်မယ်လို့ သံတမန်ရေးနဲ့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းခေါင်းဆောင်ကို စစ်တပ်လွှတ်တော်တွေက သမ္မတအဖြစ်ရွေးချယ်မှုကို တရုတ်၊ ရုရှား၊ ဘီလာရုစ်နဲ့ ကာဇက်စတန်၊
နီကာရာဂွာ နိုင်ငံ့ခေါင်းဆောင်တွေက ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြတယ်လို့ စစ်တပ်ဝါဒဖြန့် သတင်းစာတွေက ဖော်ပြပါတယ်။ ဒေသတွင်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ကမ္ဘောဒီးယားဘုရင်တို့ကလည်း သဝဏ်လွှာပေးပို့တယ်လို့ ဆိုပါတယ်။ အခုစာရင်းဟာ စစ်တပ်ကြီးစိုးတဲ့လွှတ်တော်ကနေ မင်းအောင်လှိုင်ကို သမ္မတအဖြစ်ရွေးချယ်ကြောင်း အတည်ပြုကြေညာတဲ့ ဧပြီ ၃ရက်ကနေ ဒီနေ့ ဧပြီ ၇ရက်အထိ စစ်အုပ်စု ထုတ်ပြန်ထားတာပါ။

Public Service Announcement
“ထောက်ခံသူ ပြည်ပနိုင်ငံကလည်း အနည်းစုပဲ”လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးပထမအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးအောင်စိုးမိုး(CDM သံတမန်)က မှတ်ချက်ပြုပါတယ်။
တရုတ်၊ ရုရှားလို ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံက သဝဏ်လွှာပို့တာဟာ လက်တွေ့အကျိုးစီးပွားအရ ဆက်ဆံမှုဖြစ်ပြီး ဒေသတွင်း အာဆီယံအနေနဲ့ တူညီဆန္ဒ ၅ရပ်(Five Point Consensus)ကို အခြေခံကာ နိုင်ငံရေးအဆင့်မှာ အပြည့်အဝဖိတ်ခေါ်ခြင်းမရှိဆိုတဲ့ လမ်းကြောင်းကို ဆက်သွားနေတာတွေ့ရကြောင်း အထက်ပါသံတမန်ဟောင်းက သုံးသပ်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံတွေကတော့ စစ်အာဏာသိမ်းမှုကို မူလကတည်းက မထောက်ခံဘဲ စစ်ခေါင်းဆောင်အပါအဝင် အာဏာသိမ်းမှုမှာ ပါဝင်ပတ်သက်သူ၊ ဆက်နွှယ်သူတွေ ရာနဲ့ချီပြီး အရေးယူပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်လက်ထားရှိတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါအပေါ် အခြေခံပြီး ‘သမ္မတ’ဆိုတဲ့ပြောင်းလဲခြင်းတစ်ခုတည်းနဲ့ လက်ခံမှု ရလာနိုင်ခြေ နည်းပါးပါတယ်လို့ ဦးအောင်စိုးမိုးက သုံးသပ်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်း အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအများစုဟာ သံတမန်ဆက်ဆံရေးအဆင့်လျှော့ချကာ စစ်ကောင်စီကို တရားဝင်အသိအမှတ်မပြုခဲ့သလို ၂၀၂၆ ဖေဖော်ဝါရီလကုန်မှာ ရန်ကုန်မြို့ရှိ ဖင်လန်သံရုံး ပိတ်သိမ်းခဲ့ပါတယ်။ ဖင်လန်နိုင်ငံနည်းတူ နောဒစ်(Nordic)အဖွဲ့ဝင်ဖြစ်တဲ့ ဒိန်းမတ်နိုင်ငံကလည်း ရန်ကုန်မှာ ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကို ၂၀၂၆ နှစ်ကုန်မှာ ပိတ်သိမ်းသွားမယ်လို့ ကြေညာထားပါတယ်။
Progressive Voice(ရှေ့ပြေးအသံ)တည်ထောင်သူ ဒေါ်ခင်ဥမ္မာကလည်း အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ နေပြည်တော်ကနေ စစ်အုပ်စုတင်လာတဲ့ မင်းအောင်လှိုင် ဦးဆောင်မှုဆိုတာကို လက်ခံဖို့ မဖြစ်နိုင်ကြောင်း မှတ်ချက်ပြုပါတယ်။
“ဘာလို့လဲဆိုတော့ နိုင်ငံတကာဥပဒေအောက်မှာ သူ(မင်းအောင်လှိုင်)က ရာဇဝတ်သားဖြစ်ပြီးသား။ အဲဒါက သမ္မတဖြစ်လို့၊ ဝန်ကြီးချုပ်ဖြစ်လို့ ဆိုပြီး နိုင်ငံတကာ ဥပဒေအောက်ကနေ prosecution လုပ်ထားတဲ့ကိစ္စ၊ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ကိစ္စတွေက လွတ်ငြိမ်းချမ်းသာခွင့် ရသွားမယ့် ကိစ္စတွေ မဟုတ်ဘူး။ နိုင်ငံတကာဥပဒေတွေအောက်မှာ မင်းအောင်လှိုင်က war criminal (စစ်ရာဇဝတ်သား)က war criminal ပဲ။ အဲဒါက ပြောင်းစရာအကြောင်းမရှိဘူး”လို့ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။
လက်ရှိ အာဆီယံဒေသတွင်းမှာတင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အင်ဒိုနီးရှားနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲဆိုတဲ့အမှုကို လက်ခံထားသလို တီမောလက်စ်တေ(အရှေ့တီမော)နိုင်ငံမှာလည်း စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုကျူးလွန်မှုတွေကို အမှုဖွင့်ထားကာ တရားရေးလုပ်ငန်းစဥ်တွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
“အာဆီယံ ၁၁ နိုင်ငံမှာ နှစ်နိုင်ငံမှာက case(အမှု)တွေ ရှိသွားပြီ။ ၁၁ နိုင်ငံမှာ ၂ နိုင်ငံရှိသွားပြီဆိုတဲ့ အဓိပ္ပာယ်အရမှာကိုက အာဆီယံက အရင်ကလို တရားမျှတရေးနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေးကို မျက်နှာလွှဲခဲပစ်၊ မသိကျိုးကျွန်နဲ့ အတင်းကြီးလုပ်လို့ရတဲ့ ကိစ္စတွေ မဟုတ်တော့ဘူး”လို့ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ မင်းအောင်လှိုင်စစ်အုပ်စုနဲ့ ဆက်ဆံမယ့်နိုင်ငံတချို့ကရှိနိုင်ပေမယ့် အဖွဲ့ဝင်နှစ်နိုင်ငံမှာ တာဝန်ယူမှု၊တာဝန်ခံမှုရှိစေရေးအမှု(accountability case)တွေ ရှိလာခြင်းက အာဆီယံအဖွဲ့အတွင်းမှာပဲကြီးမားတဲ့အရွေ့(internal dynamic)အဖြစ် မြန်မာနိုင်ငံအပေါ်
ချဥ်းကပ်မှုမှာ ပြောင်းနိုင်တဲ့ အခြေအနေတွေ ရှိနေတယ်လို့ ကာလရှည် မြန်မာ့ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ဒေါ်ခင်ဥမ္မာက သုံးသပ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ မိတ်ဖက်နိုင်ငံအနည်းငယ်က သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်ဆီ သဝဏ်လွှာတွေ ပေးပို့တဲ့အပေါ် “ဘယ်သူကမှ ဘယ်သူ့ကို ပုလ္လင်ပေါ်တင်ပေးတဲ့အလုပ်ကို ထူးထူးခြားခြားကြီး ပြောဆိုပြီး လုပ်နေတယ်ဆိုတာ မရှိဘူး။ လူသိရှင်ကြားကြီး မင်း သမ္မတဖြစ်လာတာကို ချီးကျူးတယ်၊ ဂုဏ်ယူတယ်ဆိုတာ ထုံးစံမရှိဘူးပေါ့။ အဲဒီလိုလုပ်တာ ဘယ်သူတွေလဲလို့ ကြည့်လိုက်တာနဲ့တင် သူ့ရဲ့ ကြိုတင်ကြံစည်ယူထားတဲ့ လုပ်ဇာတ်တစ်ခုက ထပ်ပေါ်တာပေါ့။ တရုတ်၊ ဘယ်လာရုစ်၊ ရုရှား သူ့ကို ပုလ္လင်ပေါ်တင်ဖို့ ကြိုးစားနေတဲ့၊ သူ့ရဲ့ ပုလင်းတူ ဗူးစို့ အာဏာရှင်တွေကပဲ လူသိရှင်ကြားဖြစ်ရအောင်လို့ သူတို့ကနေ ကမ္ဘာကြီးကို ကြေညာပေးနေရတယ်ဆိုကတည်းက ဒါကြီးက သာမာန်ဖြစ်ရိုးဖြစ်စဥ်မဟုတ်တော့ဘူး။ လုပ်ဇာတ်ဆိုတာ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်ရတယ်”လို့ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။
ဧပြီ ၆ ရက်မှာ နေပြည်တော်မှာရှိတဲ့ စစ်တပ်ရဲ့အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံးမှာ မင်းအောင်လှိုင်ကို တရုတ်သံအမတ်ကြီးမာကျားကလာရောက်တွေ့ဆုံဂရဝပြုပြီး ပြည်ပသံတမန်တွေထဲ ပထမဆုံးလာတွေ့တာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် တရုတ်သံအမတ်က အာဏာသိမ်းခေါင်းဆောင် စွမ်းဆောင်မှုများအောက်မှာနိုင်ငံဟာတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုဖြစ်လာမယ်လို ယုံကြည် ကြောင်းပြောတယ်လို့စစ်တပ်ပိုင်သတင်းဌာနတွေကဖော်ပြပါတယ်။ စစ်တပ်ဝါဒဖြန့်သတင်းစာတွေထဲမှာ အခုနောက်ပိုင်းအာဏာသိမ်းခေါင်းဆောင်ကို “ ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ” ဆိုပြီး ပြောင်းလဲသုံးစွဲနေတာကိုလည်း တွေ့ရပါတယ်။
စင်္ကာပူနိုင်ငံအခြေစိုက် သုတေသီတစ်ဦးက ဒေသတွင်း နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ စစ်အုပ်စုအပေါ် သူတို့ အမြင်က ပြောင်းတာ မရှိသေးဘူးလို့ မှတ်ချက်ပြုပါတယ်။
“ဆက်ဆံရမယ်ဆိုရင်လည်း တဆင့်ခံပြီး ဥပမာ နိုင်ငံခြားရေးဝန်ကြီးအဆင့်လိုမျိုးကနေပဲ လှမ်းပြီး စာပို့တာမျိုးတော့ ရှိတယ်။ ဒါပေမဲ့ သတိထားဖို့က အာဆီယံမှာက ထိပ်သီးအစည်းအဝေးပွဲကလွဲရင် မြန်မာနဲ့ ဆက်ဆံရေးက ရှိနေတုန်းပဲ။ မြန်မာဆိုတဲ့နေရာမှာ လက်ရှိနေပြည်တော်ကို အုပ်စိုးနေတဲ့ စစ်အုပ်စုနဲ့ ဆက်ဆံရေးက ရှိနေတုန်းပဲပေါ့။ ဆက်ဆံရေးကတော့ ကြီးကြီးကျယ်ကျယ် ပြောင်းလဲသွားစရာမလိုဘူး။ ပြောင်းလဲသွားပြီး သူများအပြောလည်း ခံမှာမဟုတ်ဘူး။ ဒီအတိုင်းပဲ ဆက်ရှိနေမယ်ပေါ့။ ဒါပေမဲ့ အချိန်တခုရောက်လို့ မင်းအောင်လှိုင်တို့ဘက်က အချို့သောအပြောင်းအလဲတွေ လုပ်တယ်။ နိုင်ငံတကာအနေနဲ့လည်း မျက်
နှာပန်းပျက်လောက်တဲ့အထိ မဖြစ်ဘူးဆိုရင်တော့ တိုက်ရိုက် ဆက်ဆံတာမျိုးတွေ လုပ်ကောင်းလုပ်လာမှာပေါ့လေ”လို့အထက်ပါ သုတေသီက ပြောပါတယ်။




















































