စက်တင်ဘာ -၅၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မုတ္တောကြီးကျေးရွာက မသန်စွမ်းအမျိုးသမီး ၁ဦး နဲ့ ကလေးငယ် ၁ဦးကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
ဒီကနေ့(စက်တင်ဘာ ၅ရက်)မနက် ၆နာရီ၀န်းကျင်မှာ အင်အား ၈၀နီးပါးပါတဲ့ စစ်တပ်စစ်ကြောင်းက မုတ္တောကြီးကျေးရွာ ၀င်ရောက်စီးနင်းပစ်ခတ်ခဲ့တာလို့ ဒေသခံတချို့က ပြောပါတယ်။
အဲဒီဖြစ်စဉ်မှာ စကားမပြောနိုင်တဲ့ မသန်စွမ်း အမျိုးသမီး မဝေဝေဌေး (၂၀)နှစ် နဲ့ (၁၃)နှစ်အရွယ် မောင်ဝိုင်းလမင်းအောင်တို့ဟာ ဝမ်းဗိုက်၊ ရင်အုံ၊ လည်ပင်းနဲ့ ခြေထောက်တွေမှာ ကျည်ဆံဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

Public Service Announcement
ဒါ့အပြင် (၇)နှစ် အရွယ် မအိသီရိအောင်လည်း စိုးရိမ်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အသိပေးပါတယ်။
“ရွာထဲကို ၀င်ပစ်ကြတာ။လက်ရှိစစ်ကြောင်းက ပေါင်းရွာဘက်ကိုပြန်ဆုတ်တယ်။စကုမြို့ဘက်ကို တချို့တ၀က်ပြန်ဆုတ်သွားကြတယ်”လို့ မင်းဘူးမြို့ခံတစ်ဦးက ပြောပါတယ်။
မုတ္တောကြီး ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိသလို တော်လှန်ရေးတပ်တွေလည်းမရှိပဲ စစ်တပ်က အကြောင်း မဲ့၀င်ရောင်ပစ်ခတ်ခဲ့တာလို့ မင်းဘူးခရိုင် အမှတ်(၆) တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။
“စစ်ကြောင်းက စကုနဲ့ ပေါင်းရွာမှာ အထိုင်ချထားတဲ့စစ်ကြောင်းပေါင်းပြီးတော့ သူတို့လူပြောင်းလူရွှေ့လုပ်တာလို့ယူဆတယ်။အဲဒီအချိန် မုတ္တောရွာကို၀င်ပြီးစီးတာ”လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်းကလည်း မင်းဘူးမြို့နယ် မန်းချောင်းတစ်လျှောက်က ကျေးရွာတွေကို စစ်တပ်စစ် ကြောင်းထိုးခဲ့ပြီး အရပ်သား ၃ဦးကိုသတ်ဖြတ်တာ ဒေသခံတွေရဲ့ နေအိမ်တွေဖျက်ဆီးတာနဲ့ ရွှေ၊ ငွေ၊ ကျွဲ၊နွား၊ လယ်ယာသုံး စက်ပစ္စည်းနဲ့ အိမ်ကြမ်းခင်းထားတဲ့ ပျဉ်ကအစ ခိုးယူသွားတယ်လို့ သိရပါတယ်။

















































