စက်တင်ဘာ−၅၊၂၀၂၆။မိုမို/People’s Spring
ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်တဲ့ H&M အဝတ်အထည်တွေ ချုပ်တဲ့ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်က Teng Hui Myanmar သိုးမွေးစက်ရုံ စက်တင်ဘာလကုန်မှာ ပိတ်သိမ်းတော့မယ်လို့ သိရပါတယ်။
၂၀၁၃ ကတည်းက စတင်ချုပ်ခဲ့တဲ့ Teng Hui Myanmar သိုးမွေးအထည်ချုပ်စက်ရုံဟာ H&M ကုမ္ပဏီရဲ့အ၀တ်အထည်တွေအတွက် ကုန်ကြမ်းနဲ့ အမှာစာမရတော့တာကြောင့် စက်ရုံပိတ်သိမ်းဖို့ ဖြစ်လာတာလို့ ဆိုပါတယ်။ လက်ရှိမှာ စက်ရုံလုပ်သား ၂၀၀၀ ကျော် ရှိပါတယ်။
လာမယ့်အောက်တိုဘာ ၁ ရက်မှာ အပြီးပိတ်သိမ်းမှာဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်ကစတင်ကာ စက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်ရပ်နားရမယ့် အလုပ်သမားတွေကို လုပ်သက်အလိုက် နစ်နာကြေးပေးသွားမယ်လို့ စက်ရုံက တရားဝင် ကြေညာပါတယ်။

Public Service Announcement
လွန်ခဲ့တဲ့ ၄လခန့်ကလည်း H&M အ၀တ်အထည်တွေချုပ်နေရတဲ့ ရွှေပြည်သာမြို့နယ်က King Rich Fishion အထည်ချုပ်စက်ရုံဟာလည်း အမှာမရတော့တာကြောင့် ပိတ်သိမ်းခဲ့ရပါတယ်။
ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုကို အာဏာသိမ်း စစ်တပ်က အခုနှစ် ဇွန်လမှာ ကန့်သတ်လိုက်ပါတယ်။
“လုပ်ငန်းစဉ်က စနေပြီး ။စက်ပစ္စည်း အပိုမှာရင်အော်ဒါအသစ် ရှိကြောင်းပြရမယ်။ ပို့ကုန်ဒေါ်လာအားလုံး နိုင်ငံခြား ငွေရင်းနှီးမြုပ်နှံမှုထံကနေတဆင့်ငွေအားလုံးကို ဗဟိုဘဏ်ထံစာရင်းသွင်းပေးရတယ်။ လိုအပ်တဲ့ကစ္စည်းဒေါ်လာနဲ့ ၀ယ်ဖို့ဆိုရင် ကုန်သယ်ကြီးများအသင်းထံတင်ပြခွင့်ပြုချက်ရယူဖို့ ဒေါ်လာငွေပြရမယ်။အပ်ချုပ်စက်လို ပစ္စည်းတွေက ပြည် တွင်းမှာမရှိတဲ့ဟာလေ။CMP တွေရဲ့ဒုက္ခ မသေးတော့ဘူး”လို့ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ကျွမ်းကျင် အလုပ်သမားရှားပါးမှု၊ အလုပ်အပ်နှံရေး စိန်ခေါ်မှု၊ လျှပ်စစ်မီးရရှိရေး စိန်ခေါ်မှုတွေအပြင် ကုန်ကြမ်းပြတ်တောက်မှု မရှိစေဖို့အတွက် အထည်ချုပ်လုပ်ငန်းတွေ ရုန်းကန်ရမယ့် နောက်ထပ်စိန်ခေါ်မှုလို့ သူက ဆိုပါတယ်။
နှစ်စဉ် ပြည်ပတင်ပို့မှုကနေ ဒေါ်လာ ၄ ဘီလီယံ နဲ့ ၅ ဘီလီယံကြားရရှိတဲ့ အထည်ချုပ်လုပ်ငန်းကနေ ကုန်ကြမ်းပြန်လည်တင်သွင်းမှုအရ ဒေါ်လာ ၃ ဘီလီယံ ၀န်ကျင်ရှိတယ်လို့ သိရပါတယ်။
“ကန့်သတ်ချက်က ကုန်သွယ်မှုလိုငွေပြတာကြောင့်လဲ ပါကောင်းပါနိုင်ပေမယ့် ဒီပုံစံအတိုင်းဆို အထည် ချုပ်လုပ်ငန်းတွေ အသက်ရှုကြပ်ကြတော့မယ်။တဆက်တည်းမှာပဲ လုပ်ငန်းခွင်က အလုပ်သမားထုပါ အနည်းနဲ့အများသက်ရောက်လိမ့်မယ်”လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၅နှစ်အတွင်း အထည်ချုပ်ကဏ္ဍကနေ ထွက်ခွာသွားတဲ့ လုပ်ငန်း ၂၀၀ ကျော်ရှိခဲ့ပြီး လက်ရှိမှာ ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံတဲ့ အထည်ချုပ်စက်ရုံ ၆၀၈ ခုရှိပြီး တရုတ်နိုင်ငံသားပိုင်စက်ရုံ ၃၆၇ ခုရှိတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပကုမ္ပဏီတွေထွက်ခွာသွားတာ၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မလာတော့တာကြောင့် နိုင်ငံခြားငွေရရှိဖို့ ဗိုလ်ချုပ်ကြီးအဆင့်ရှိသူတွေ စစ်တပ်ခန့်အပ်ထားတဲ့ ၀န်ကြီးတွေနဲ့ ၂၀၂၂ မှာ FESC ကို ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ပြည်ပကုန်သွယ်မှုကနေရတဲ့ ဒေါ်လာငွေတွေနဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ခဲ့ပါတယ်။
ပို့ကုန်လုပ်ငန်းရှင်တွေရတဲ့ ဒေါ်လာငွေကို ရည်ညွှန်းစျေး(တစ်ဒေါ်လာကို ကျပ် ၂၁၀၀)လဲလှယ်ပြီး ဗဟိုဘဏ်ကို ပြန်အပ်ဖို့ စစ်ကောင်စီက ဖိအားပေးခဲ့ပါတယ်။
ပို့ကုန်ရငွေ ဒေါ်လာ သန်း ၁၀၀ ရှိပါက ၆၅ သန်းကို မြန်မာကျပ်ငွေ လဲလှယ်ဖို့သတ်မှတ်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ ရငွေရဲ့ တစ်ဝက် နဲ့ ၂၀၂၅မှာ ၂၅ ရာခိုင်နှုန်းနဲ့ အခုနှစ်မှာ ၁၅ ရာခိုင်နှုန်းကို မဖြစ်မနေ ပြန်သွင်းရပါတယ်။
လက်ရှိ ပြည်ပက စက်သုံးဆီ၊ဆေးဝါး နဲ့ ကုန်ချောပစ္စည်းအများစုဟာ အထည်ချုပ်လုပ်ငန်းရဲ့ပို့ကုန်၀င်ငွေ ကို စစ်တပ်က အသုံးပြုနေတာဖြစ်ပါတယ်။

















































