စက်တင်ဘာ -၅၊၂၀၂၆။မိုမို/People’s Spring
စစ်ကိုင်းတိုင်း၊ ကလေး-တမူး လမ်းပိုင်းမှာ စစ်တပ်ကို စနိုက်ပါစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို အပြည်ပြည်ဆိုင်ရာဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ဦး(AIF Myanmar)က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ပြိးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လအတွင်း စစ်တပ်စစ်ကြောင်းဟာ ကလေး-တမူး လမ်းမကြီးပေါ် အင်အားအမြောက်အမြားနဲ့ အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို တွန်းလှန်ဖို့ AIF နဲ့ WITCH တပ်ဖွဲ့ခွဲတွေက မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ဆင်နွှဲခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement
မီတာ ၅၀ ကနေ မီတာ ၈၀၀ အကွာအဝေးက စစ်တပ်ကို မထင်မှတ်ထားတဲ့အချိန်တွေမှာ ထိရောက်စွာ တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ ဆိုပါတယ်။
“အခု တင်ပြထားတဲ့ရုပ်သံမှာ စစ်ထိုးလာတဲ့ ရန်သူ့အင်အားဘက်က အတည်ပြုနိုင်ခဲ့တဲ့ ထိခိုက်ကျဆုံးမှု ၃ ခု ရှိတယ်”လို့ AIF Myanmar တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အဓိက ကျတဲ့ကလေး-တမူး လမ်းမကြီးကို စစ်တပ်ကပြန်လည်စိုးမိုးနိုင်ပြီလို့ ကြေညာထားပေမယ့် ၎င်းတို့ ထိန်းချုပ်ထားနိုင်ဆဲလို့ တော်လှန်ရေးတပ်တွေက တုံ့ပြန်ထားပါတယ်။
လက်ရှိမှာလည်း နိုင်ငံအနောက်ဘက် ဒေသအသီးသီးမှာ စစ်ရေးလှုပ်ရှားမှုတွေ ရှိတယ်လို့ AIF Myanmar က အသိပေးပါတယ်။
AIF Myanmar တပ်ဟာ ချင်းမြောက်ပိုင်းကို ထိုးစစ်ဆင်ခဲ့တဲ့စစ်တပ်ကို အသေခံဒရုန်းစစ်ဆင်ရေးတွေနဲ့ တိုက်ခိုက်ခဲ့မှုမှာ ထင်ရှားပါတယ်။
အာဏာသိမ်းစစ်တပ်က လတ်တလောမှာ ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေကို ပြန်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်နေပြီး တော်လှန်ရေးတပ်တွေက ခုခံနေကာ စစ်ကောင်စီတပ်သားတွေဆီက လက်နက်ခဲယမ်းတွေ အပါအ၀င် စစ်သုံ့ပန်းတွေကို သိမ်းဆည်းဖမ်းမိရတာတွေ ရှိပါတယ်။

















































