Connect with us

Hi, what are you looking for?

သတင်း

ယောလွတ်မြောက်ရေးတပ်တော်ဖွဲ့စည်းမှု စစ်ရေးအရ ပိုမိုလွတ်လပ်စွာလှုပ်ရှားနိုင်ဖို့နဲ့ ကျယ်ပြန့်စွာ မဟာမိတ်ပြုနိုင်ဖို့ဟု ထုတ်ပြန်

ယောလွတ်မြောက်ရေးတပ်တော် (YLA)အဖြစ် သီးခြားရပ်တည်ရခြင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန(NUG/MOD) ရဲ့ ဦးဆောင်မှုအား အယုံအကြည်မရှိခြင်း၊ သက်ဆိုင်ရာဌာနအသီးသီးရှိ ပုဂ္ဂိုလ်များနဲ့ ပဋိပက္ခဖြစ်ခြင်းတို့ကြောင့် လုံးဝမဟုတ်ကြောင်း YLA က ထုတ်ပြန်ခဲ့ပြီးစစ်ရေးအရပိုမိုလွတ်လပ်စွာ လှုပ်ရှားနိုင်ဖို့ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

(ယောလွတ်မြောက်ရေးတပ်တော် (YLA)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - YLA)

စက်တင်ဘာ ၆၊၂၀၂၆။ ထားမြတ်/People’s Spring

ယောလွတ်မြောက်ရေးတပ်တော် (YLA)အဖြစ် သီးခြားရပ်တည်ရခြင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန(NUG/MOD) ရဲ့ ဦးဆောင်မှုအား အယုံအကြည်မရှိခြင်း၊ သက်ဆိုင်ရာဌာနအသီးသီးရှိ ပုဂ္ဂိုလ်များနဲ့ ပဋိပက္ခဖြစ်ခြင်းတို့ကြောင့် လုံးဝမဟုတ်ကြောင်း YLA က ထုတ်ပြန်ခဲ့ပြီးစစ်ရေးအရပိုမိုလွတ်လပ်စွာ လှုပ်ရှားနိုင်ဖို့ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမှတ် (၁၊ ၁၈၊ ၁၉) တပ်ရင်းတို့မှရဲဘော်တွေဟာ ယောလွတ်မြောက်ရေးတပ်တော်ကို အခု၂၀၂၆ ဩဂုတ်၁ရက်မှာဖွဲ့စည်းခဲ့ပြီး အခုလိုဖွဲ့စည်းလိုက်ရတဲ့အခြေအနေကို စက်တင်ဘာ ၅ရက်မှာ ထုတ်ပြန်ရှင်းလင်းခဲ့တာပါ။

“ ယောလွတ်မြောက်ရေးတပ်တော် (YLA) အနေဖြင့် ယောဒေသအရေးကို မိမိတို့ကိုယ်တိုင် ပုံဖော်ထုဆစ်နိုင်ရေး၊ စစ်ရေးအရ ပိုမိုလွတ်လပ်စွာ လှုပ်ရှားနိုင်ရေး၊ အခြားသော လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် ပိုမိုကျယ်ပြန့်စွာ မဟာမိတ်ပြုနိုင်ရေးတို့ကို ရည်ရွယ်၍ တည်ထောင်လိုက်ခြင်းဖြစ်သည်” လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မေးမြန်းဖို့ ယောလွတ်မြောက်ရေးတပ်တော်ကို ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

YLA အဖြစ် ရပ်တည်ကြတဲ့ အင်အားစုတွေဟာ ဂန့်ဂေါ ခရိုင်စစ်ဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမှတ် (၁၊ ၁၈၊ ၁၉) တပ်ရင်းတို့မှ ရဲဘော်တွေ ဖြစ်ပြီး (၅) နှစ်တာလုံး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြ ကြောင်းလည်း အသိပေးပြီး အခုလို စုဖွဲ့လိုက်တာဟာ ယောဒေသတွင်း တော်လှန်ရေးလုပ်ငန်းစဉ်များကို ပိုမိုအာရုံစိုက် လုပ်ဆောင်လိုခြင်းကြောင့်သာဖြစ်တယ်လို့ ရှင်းပြပါတယ်။

လက်ရှိအချိန်မှာ လည်းကောင်း၊ နောင်အနာဂတ်တွင် လည်းကောင်း NUG ကာကွယ်ရေးလက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ အခြားမဟာမိတ်တပ်ဖွဲ့များနဲ့ အတူ တိုက်ပွဲဝင်မယ်လို့လည်း YLAက ထုတ်ပြန်ပါတယ်။

ယောလွတ်မြောက်ရေးတပ်တော် (YLA) ရဲ့ အဓိက ရည်မှန်းချက် ပန်းတိုင်ဟာ စစ်အာဏာ ရှင်စနစ် အမြစ်ပြတ်တိုက်ထုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး ဖြစ်တယ်လို့ဖော်ပြပါတယ်။

ဒါကြောင့် စစ်မှန်သော လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်မှ သွေဖယ်သော မည်သည့်လုပ်ငန်းကိုမျှ လုပ်ဆောင်မည်မဟုတ်သလို လက်ရှိမှာလည်း ချင်းပြည်တောင်ပိုင်း (မင်းတပ်နယ်)နဲ့ ယောဒေသ (ကျောက်ထုနယ်) တို့တွင် ဒေသခံတပ်များ(ယော)၊ MOD လက်အောက်ခံ တပ်ရင်းများ၊ မဟာမိတ်များနဲ့ တစ်သားတည်းရပ်တည်ကာ တိုက်ပွဲ ဝင်နေကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ယောလွတ်မြောက်ရေးတပ်တော် (YLA) အဖြစ် ရပ်တည်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ယောဒေသတွင်းရှိ လက်နက်ကိုင် တော်လှန်ရေးတပ်များ တစ်စုတစ်စည်းတည်း ဖြစ်တည်လာရေးကို အဓိကထား ကြိုးစားလုပ်ဆောင်သွားမယ်လို့လည်း အသိပေးပါတယ်။

မြန်မာတစ်နိုင်ငံလုံး မလွတ်မြောက်မချင်း၊ ယောပြည်သူလူထုအပါအဝင် အခြားတိုင်းရင်းသားညီအစ်ကိုမောင်နှမများနဲ့ တစ်သားတည်းရပ်တည် တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန် ကြေညာပါတယ်။

ဆက်စပ်သတင်းများ