စက်တင်ဘာ-၆၊ ၂၀၂၆။ သတိုး/People’s Spring
စက်တင်ဘာ ပထမပတ်အတွင်းမှာ ရန်ကုန်မြို့ရဲ့ မြို့နယ်တွေကနေ စစ်တပ်ရဲ့မတရားဖမ်းဆီးမှုခံရတဲ့ လူငယ် ၂၀ ကျော် အထိရှိနေတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို တင်ပေးနေတဲ့ Scout Channel တွေက ဖော်ပြထားပါတယ်။
ဒီနေ့ (စက်တင်ဘာ ၆ ) နေ့လယ် ၁၂ နာရီလောက်မှာ တာမွေမြို့နယ်၊ သတိပဋ္ဌာန်လမ်းနဲ့ ကျားကွက်သစ်လမ်းထောင့်မှာ စစ်သားတွေက လမ်းသွားလမ်းလာတွေကို ဖုန်းတွေစစ်ဆေးပြီး မွန်းလွဲ ၂ နာရီလောက်မှာ အသက် ၂၀ ဝန်းကျင် လူငယ် ၂ ဦးကို ဖမ်းဆီးသွားတယ်လို့ Rangoon Scout Network-RSN က ဖော်ပြထားပါတယ်။
စစ်သားတွေက လူငယ် ၂ ဦးကို တရွတ်တိုက်ဆွဲခေါ်သွားတာကြောင့် လူငယ်တွေရဲ့ ဖိနပ်တွေကျွတ်ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
မနေ့(စက်တင်ဘာ ၅)က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နဲ့ လသာမြို့နယ်တွေမှာ လူငယ် ၃ ဦးဖမ်းဆီးခံခဲ့ရပါတယ်။
မွန်းလွဲ ၁ နာရီလောက်မှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် တောင်မြောက်လမ်းဆုံ မီးပွိုင့်ကနေ လမ်းဖြတ်ကူးနေတဲ့ လူငယ် ၁ ဦးကို စစ်သားတွေက အဓမ္မဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
“စစ် DC ပါသည့် ကားတန်း ၁ ခု တောင်မြောက်လမ်းဆုံမီးပွိုင့်မှ တောင်ဒဂုံရဲစခန်းထဲ ကွေ့ဝင်ဖို့လုပ်နေစဉ် အဆိုပါလူငယ်လေးကိုတွေ့ပြီး စစ် DC ကားပေါ် ဖမ်းတင်သွားခြင်းဖြစ်သည်။ ကားပေါ်တွင် အခြားလူငယ်များလည်း ရှိနေပြီး ဆွဲခေါ်ခံထားကြရပုံရသည်” လို့ RSN က ဖော်ပြထားပါတယ်။
လသာမြို့နယ်မှာတော့ မဟာဗန္ဓုလလမ်းနဲ့ ၂၁ လမ်းထိပ်မှာ ည ၁၀ နာရီလောက်က လမ်းလျှောက်လာတဲ့ လူငယ် ၂ ဦးက စစ်ကားနဲ့တိုးပြီး စစ်သားတွေက ကားပေါ်ကို အတင်းဆွဲတင်သွားတာလို့ သိရပါတယ်။
စက်တင်ဘာ ၄ ရက်နေ့ကလည်း မင်္ဂလာတောင်ညွှန့်မြို့နယ် ဖဆပလ ရပ်ကွက်မှာ စစ်သားတွေက စစ်မှုထမ်းအလှည့်ကျတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသား ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ MGTN Scout News မှ ဝာာဝန်ရှိသူက ပြောပါတယ်။
ရှေ့ရက်တွေကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်မှာ စစ်တပ်ရဲ့ အဓမ္မဖမ်းဆီးမှုတွေ နေ့စဉ်ကြုံခဲ့ရပြီး ဩဂုတ် ၂၃ ရက်ကနေ စက်တင်ဘာ လဆန်းအထိ ဖမ်းဆီးခံရသူ ၁၆ ဦးခန့်ရှိနိုင်တယ်လို့ ဆိုပါတယ်။
ပြည်သူတွေရဲ့ ဖုန်းတွေကိုစစ်ပြီး စလော့ခ်ဂိမ်းတွေ တွေ့ရင်လည်း ဖမ်းဆီးတာမျိုးတွေလုပ်တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
“ပြည်သူတွေကို ပြောချင်တာက အသိသတိနဲ့ပဲ သွားလာလှုပ်ရှားကြဖို့ပဲ မှာချင်ပါတယ်ဗျာ” လို့ သတိပေးစကား ပြောပါတယ်။
စက်တင်ဘာ ၂ ရက်မှာ မင်္ဂလာဝောာင်ညွန့် ၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၊ လှိုင်သာယာနဲ့ စမ်းချောင်းမြို့နယ်တွေမှာ စစ်တပ်ရဲ့ ဖမ်းဆီးခံရသူ ၈ ဦးရှိခဲ့ပြီး စက်တင်ဘာ ၃ ရက်မှာတော့ မင်္ဂလာတောင်ညွှန့် နဲ့ ပုဇွန်တောင် မြို့နယ်တွေမှာ ဖမ်းဆီးခံရသူ ၇ ဦးရှိတယ်လို့ RSN က ထုတ်ပြန်ထားပါတယ်။
စစ်တပ်က စစ်မှုထမ်း အမှတ်စဉ်သစ် စခါနီးချိန်တိုင်း သတ်မှတ်လူဦးရေပြည့်ဖို့ လူဆွဲတာတွေလုပ်လေ့ရှိတယ်လို့ RSN ရဲ့ တာဝန်ရှိသူက ပြောထားပါတယ်။
ရန်ကုန်မြို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုမိုဆိုးရွားလာနေပြီး စစ်တပ်ခန့်ရပ်ကွက်အုပ်ကြီးတွေကို ၁ ရက် လူ ၅ ယောက်ဆွဲပေးရမယ်လို့ ဖိအားပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အင်းစိန်မြို့နယ်မှာလည်း အရံမီးသတ်အရာရှိ နေအိမ်မှာ အချုပ်ခန်းပြုလုပ်ပြီး လူငယ်တွေကို စစ်တပ်ဆီ ရောင်းစားဖို့ ချုပ်နှောင်ထားတာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Chinland FC အသင်းကဘောလုံးသမား ၁ ဦး နေအိမ်ပြန်လာစဥ် မြောက်ဒဂုံ ၇/၈ လမ်းဆုံမှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး တစ်ပတ်ကြာ ပျောက်ဆုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ အဆက်အသွယ်ရ ပြန်တွေ့ပြီလို့ အသင်းကထုတ်ပြန်ခဲ့ပေမယ့် ဘောလုံးသမားကိုလူတစ်စုကဖမ်းခေါ်သွားတာကြောင့် နေပြည်တော် အမြန််လမ်းဘက်ကို သွားခေါ်ခဲ့ရတာဖြစ်တယ်လို့ ဖြစ်စဥ်သိသူအချို့က ပြောပါတယ်။
ဒါ့အပြင် MFF Futsal League(1) မှာ ကစားနေတဲ့ Gold Dream FC အသင်းက ကစားသမား ၂ဦးလည်း ပျောက်ဆုံးနေကြောင်း လွန်ခဲ့တဲ့ ၂ ပတ်နီးပါးက အဲဒီအသင်းက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခုစက်တင်ဘာမှာလုပ်မယ့် စစ်မှုထမ်း အပတ်စဥ်(၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ပြုလုပ်နေတာဖြစ်ပြီး သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာတွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။


















































