စက်တင်ဘာ-၈၊၂၀၂၆။ကတ်သရင်း/People’s Spring
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။
စက်တင်ဘာ ၇ရက် နေ့လည် ၂နာရီက ရှစ်မျက်နှာဘုရားမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်က ကြောင်ပန်းခုံကျေးရွာက နေအိမ်တွေ ဝင်ရောက်မီးရှို့ခဲ့တာလို့ သိရပါတယ်။
ဒေသခံပြည်သူတွေက နေအိမ်တွေ မီးဝင်ငြှိမ်းချိန်မှာ သေနတ်နဲ့လိုက်လံပစ်တာလို့ မီးမငြှိမ်းနိုင်ဘဲ နေအိမ် ၁၂ လုံး မီး လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
“မနေ့က ဖြစ်တာပါ။ပြည်သူ အထိခိုက်မရှိပါဘူး။နေအိမ်၁၂လုံးမီး လောင်တယ်လို့ သိထားရပါတယ်။လက်ရှိကတော့ စစ်တပ်က အရင်နေရာမှာဘဲ ရှိတုန်းပါ။မြို့ထဲမှာ ဒီတနေရာပဲတပ်စွဲထားပါတယ်”လို့ မြို့နယ်လူသားစာနာတာဝန်ခံက ပြောပါတယ်။
မြစ်ခြေမြို့ရှစ်မျက်နှာဘုရားမှာ စစ်တပ်က ဇွန်လကတည်းက ဝင်ရောက်ကာ တပ်စွဲထားတယ်လို့ သိရပါတယ်။
တပ်စွဲတဲ့ နေရာနဲ့ အနည်းငယ်ဝေးတဲ့ မြို့တွင်းနေရာတချို့ကိုတော့ပြည်သူ တွေပြန်လည်ဝင်ရောက် နေထိုင်နေကြပြီး ဒီနေ့အထိတော့ မြို့ရဲ့ပြည်သူ ၄၀ရာခိုင်နှုန်းဟာ စစ်ဘေးရှောင်နေရဆဲဖြစ်တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။
မေလ ၁၁ရက်ကစတင်ကာ မြစ်ခြေမြို့ကို စစ်တပ် ဝင်ရောက်ခဲ့ပြီး အမျိုးသမီးတွေအပါအဝင် ပြည်သူ ၄၀ ခန့်ကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအချိန်ကတည်းက ဒေသခံတွေတိမ်းရှောင်နေခဲ့ရပြီး မေလ ၃၁ရက်မှာ စစ်ကြောင်းပြန်ထွက်ကာ နယ်မြေရှင်းလင်းပြီးတဲ့နောက် တော်လှန်ရေးတပ်တွေက ဇွန်လ ၃ရက်မှာ ကျေးရွာအတွင်း ပြည်သူတွေကို ပြန်ဝင်ခိုင်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဇွန်လ ၁၀ရက်မှာ မြစ်ခြေရဲစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီးနောက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့သလို စစ်ကြောင်းတွေ မြို့ထဲပြန်ဝင်ရောက်တပ်စွဲထားလို့ ဒေသခံ တွေဟာ ဒီနေ့အထိထပ်မံ ရှောင်တိမ်းနေရတာလို့ သိရပါတယ်။

















































