Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ့မေတ္တာနဲ့ယုံကြည်မှုဆုံးရှုံးရင် တော်လှန်ရေးအဓိပ္ပါယ်မဲ့သွားမှာဖြစ်လို့ အနိုင်ကျင့်၊ အာဏာပြတာ လုံး၀ ရှောင်ကြဉ်ဖို့ NUG ဝန်ကြီးချုပ်တိုက်တွန်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

စက်တင်ဘာ ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

” အထူးသဖြင့် တော်လှန်ရေး ကာလအတွင်းမှာ အထက်အောက် အနိုင်ကျင့်တာမျိုးတွေ၊ လက်နက်အားကိုး၊ အဖွဲ့အစည်းအားကိုးနဲ့ အာဏာပြတာမျိုးတွေကို လုံးဝ ရှောင်ကြဉ်ကြဖို့ အလေးအနက် တိုက်တွန်းချင်ပါတယ်”လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

စက်တင်ဘာ ၇ရက်က ကျင်းပတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်များ ချီးမြှင့်ခြင်း အခမ်းအနားမှာ ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားရာမှာ အခုလို တိုက်တွန်းခဲ့တာပါ။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ပြည်သူကနေ ပေါက်ဖွားလာပြီး ပြည်သူ့အတွက် ပေးဆပ် တိုက်ပွဲဝင်နေတဲ့ တပ်မတော် ဖြစ်တာကြောင့် “ပြည်သူသာလျှင် အဓိက” ဆိုတဲ့ ခံယူချက်ကို လက်ကိုင်ထားပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်၊ ဂုဏ်သိက္ခာနဲ့ အခြေခံလူ့အခွင့်အရေးတွေကို တန်ဖိုးထား ကာကွယ်ပေးကြရမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

“မတရားမှုကို တော်လှန်တဲ့နေရာမှာ ရဲရင့်ပြတ်သားရမှာ ဖြစ်သလို၊ ပြည်သူ့အပေါ်မှာ ကာကွယ်စောင့်ရှောက်တဲ့ အခါမှာလည်း နွေးထွေးကြင်နာပြီး စစ်စည်းကမ်း၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်၊ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ လူ့အခွင့်အရေးများကို အလေးအနက်ထားကြဖို့ အထူးအရေးကြီးပါတယ်။” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပါတယ်။

ပြီးခဲ့တဲ့ (၅) နှစ်တာကာလအတွင်း ဖြတ်သန်းကျော်ဖြတ်ခဲ့ရတဲ့ ခရီးဟာ ခက်ခဲ ကြမ်းတမ်းခဲ့တာ ရဲဘော်တွေ အသိဆုံးဖြစ်ပြီး (၅) နှစ်တာအတွင်း အသက်သွေးချွေး ပေးဆပ်သွားခဲ့ကြတဲ့ မြင့်မြတ်သော သူရဲကောင်း ရဲဘော်များရဲ့ ဝိညာဉ်များကို လေးနက်စွာ ဂုဏ်ပြုလိုကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

“ ရဲဘော်တို့ရဲ့ နောက်ကွယ်ကနေ စိတ်ပိုင်းဆိုင်ရာ ခွန်အားပေးပြီး စောင့်မျှော် နားလည်ပေးကြတဲ့ မိသားစုဝင်များရဲ့ အနစ်နာခံမှုကိုလည်း ထိုက်ထိုက်တန်တန် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။ယနေ့ ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ဆုတံဆိပ်တွေဟာ ရဲဘော်တို့ရဲ့ စွန့်လွှတ်စွန့်စား ထမ်းဆောင်ခဲ့မှုများကို အသိအမှတ်ပြုရုံတင် မကဘဲ၊ အနာဂတ်မှာ ဆက်လက်ထမ်းဆောင်ရမယ့် ပိုမိုကြီးမားတဲ့ ပြည်သူ့တာဝန်များကို ပိုမိုတာဝန်ယူမှုရှိရှိ ဆောင်ရွက်သွားကြဖို့ သတိပေးလိုက်တဲ့ အမှတ်အသားတစ်ခုလည်း ဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

(၅)နှစ်တာ ခရီးစဉ်ဆိုတာဟာ အချိန်ကာလတစ်ခုကို လွန်မြောက်ခဲ့ရုံတင်မကဘဲ အခက်အခဲများနဲ့ စိန်ခေါ်မှုများအပေါ် ဘယ်လို ရင်ဆိုင်ဖြတ်သန်းခဲ့ကြသလဲဆိုတာကိုပါ ပြန်လည် သုံးသပ်ပြီး လိုအပ်ချက်၊ အားနည်းချက်များကို ပြန်လည်ပြင်ဆင် သုံးသပ်ရမယ့် အချိန်အခါလည်း ဖြစ်ကြောင်း ပြောကြားပါတယ်။

” ရဲဘော်တို့အနေနဲ့ နွေဦးတော်လှန်ရေးခရီးကြမ်းမှာ တစ်ခါတလေ ပင်ပန်းတဲ့အချိန်၊ အားလျော့ချင်တဲ့အချိန်တွေ ရှိကောင်း ရှိလာနိုင်ပေမယ့် ငါတို့ ဘာကြောင့် ဒီလမ်းကို ရွေးချယ် လျှောက်လှမ်းခဲ့ကြသလဲ ဆိုတာကို သတိရပြီး ပြည်သူလူထု နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဘေးဒုက္ခအမျိုးမျိုးနဲ့ အနာဂတ်ဖက်ဒရယ်နိုင်ငံတော်သစ် မျှော်လင့်ချက်ကို မမေ့ကြဖို့ လိုပါတယ်။ ဒီတော်လှန်ရေးဟာ လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်းရဲ့ ကြိုးပမ်းမှုနဲ့ ပြီးမြောက်နိုင်တာ မဟုတ်ဘဲ ပြည်သူလူထုရဲ့ ပါဝင်မှု၊ လူငယ်တွေရဲ့ အားမာန်နဲ့ အဖွဲ့အစည်းအသီးသီးရဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ စုစည်းညီညွတ်မှု အင်အားများနဲ့သာ အောင်ပွဲခံနိုင်မှာ ဖြစ်ပါတယ်” လို့လည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

မေးမြန်းခန်း

ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။