ဒီဇိုင်းတည်ဆောက်ပုံက ဒရုန်းနဲ့တူနေတဲ့ ဒရုန်းတစ်ပိုင်း၊ ဒုံးကျည်တစ်ပိုင်း ခရုစ်ဒုံးကျည် အမျိုးအစားသစ်တွေကို အီဂျစ်မှာ ကျင်းပတဲ့ လေကြောင်းနည်းပညာ ပြပွဲမှာ ရုရှားက ပွဲထုတ် ပြသလာခဲ့ပါတယ်။
စက်တင်ဘာ ၉ ရက်နေ့တုန်းက မြေထဲပင်လယ် ကမ်းရိုးတန်းနားမှာရှိတဲ့ အယ်လ်အလာမိန်း နိုင်ငံတကာ လေဆိပ်မှာ ထုတ်ပြခဲ့တဲ့ S-71Mနဲ့ S-71K ဒုံးကျည်တွေဟာ တန်ဖိုးနည်း တိုက်ခိုက်ရေး ဒရုန်းတွေနဲ့ အစွမ်းထက် ခရုစ်ဒုံးကျည်တွေရဲ့ လုပ်ဆောင်ချက်တွေကို ပေါင်းစပ်ထားတာ ဖြစ်တယ်လို့ ရုရှား အစိုးရပိုင် လက်နက်ကုမ္ပဏီကြီး Rosoboronexportက ပြောပါတယ်။
အဲဒီဒုံးကျည်တွေကို လောလောဆယ်မှာတော့ ရုရှားရဲ့ နောက်ဆုံးထုတ် ပဉ္စမမျိုးဆက် Su-57 ကိုယ်ပျောက် တိုက်လေယာဉ်တွေမှာ တပ်ဆင်နိုင်အောင်ပဲ တည်ဆောက်ထားပါတယ်။ ရုရှားဟာ အာဖရိကတိုက်မှာ ကျင်းပတျွှဲ့ လေကြောင်းပြပွဲတစ်ခုမှာ Su-57တွေကိုလည်း ပထမဆုံးအကြိမ်အဖြစ် ပွဲထုတ် ခင်းကျင်း ပြသလာပါတယ်။
S-71Mနဲ့ S-71K ဒုံးကျည်တွေကို ရုရှားက ယူကရိန်း စစ်ပွဲမှာ လက်တွေ့ အသုံးပြုထားဖူးပြီး ဖြစ်ပေမယ့်လည်း အများပြည်သူရှေ့မှောက် ထုတ်ပြတာကတော့ အခုအကြိမ် ပထမဆုံး ဖြစ်ပါတယ်။

Public Service Announcement
တန်ဖိုးသင့် S-71 မိသားစုဝင် ခရုစ်ဒုံးကျည်တွေကို ၂၀၂၄ ခုနှစ်မှာ စတင် ထုတ်လုပ်ခဲ့ပါတယ်။ S-71Kဟာ အခြေခံ ဗားရှင်းဖြစ်ပြီး S-71Mကတော့ ရေဒါနဲ့ ထောက်လှမ်းခံရနိုင်ခြေကို လျှော့ချတာ၊ ပဲ့ထိန်းနဲ့ လမ်းကြောင်းမှတ်သား စနစ်တွေ ပိုကောင်းတာ အပါအဝင် မွမ်းမံ အဆင့်မြှင့်မှုတွေ ဖြည့်တင်းထားပါတယ်။ ဒုံးကျည်တွေဟာ အသံရဲ့ မြန်နှုန်းအောက်မှာ ကီလိုမီတာ ၃၀၀ လောက်ထိ ခရီးပေါက်အောင် ပျံသန်းနိုင်မယ်လို့ သိရပါတယ်။
S-71တွေဟာ သမားရိုးကျ ခရုစ်ဒုံးကျည်တွေနဲ့ယှဉ်ရင် တန်ဖိုးအများကြီး လျော့နည်းပြီး အလုံးအရင်း ထုတ်လုပ်ဖို့ လွယ်ကူတဲ့ အားသာချက်တွေ ရှိနေတယ်လို့ Rosoboronexportက ပြောပါတယ်။ ဒီလက်နက်တွေဟာ ဒရုန်းအစစ် မဟုတ်သလို ဒုံးကျည်အစစ်လည်း မဟုတ်ကြောင်း၊ တခြား အဓိပ္ပါယ် သတ်မှတ်ချက် တစ်ခုခုနဲ့ ခေါ်ဆိုသင့်ကြောင်း ကုမ္ပဏီရဲ့ အမည်မဖော်တဲ့ အရာရှိ တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။
အမေရိကန်ရဲ့ နာမည်ကျော် F-35 တိုက်လေယာဉ်တွေကို ပြိုင်ဆိုင်ဖို့ ရည်ရွယ်ချက်နဲ့ Shkhoi ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Su-57တွေကို အီဂျစ်မှာ မပြသခင် တရုတ်၊ အိန္ဒိယနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံတွေမှာ ရုရှားက ခင်းကျင်းပြသဖူးပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက အီဂျစ်-တရုတ် လေတပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ တရုတ်ရဲ့ J-16 တိုက်လေယာဉ်တွေကိုလည်း အခုပြပွဲမှာ ခင်းကျင်းပြသထားတာ တွေ့ရပါတယ်။ ဒါ့အပြင် တူရကီ၊ ယူအေအီးနဲ့ အီဂျစ်က စစ်လက်နက် ကုမ္ပဏီတွေဟာလည်း စက်တင်ဘာ ၈ ရက်ကနေ ၁၀ ရက်ထိ ကျင်းပတဲ့ ပြပွဲမှာ အလေးအနက် အာရုံစိုက် ပါဝင်ပြီး ထုတ်ကုန်တွေ မိတ်ဆက် ပြသခဲ့ကြပါတယ်။
ကိုးကား: Reuters



















































