ပါရီမြို့တော် ဆင်ခြေဖုံးမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု တစ်ခုဟာ လူမျိုးရေး မုန်းတီးမှုကို အခြေခံတဲ့ အကြမ်းဖက်မှုလို့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ပြောကြားခဲ့ပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့က ဖြစ်စဉ်မှာ လူတစ်ယောက်ဟာ ကားထဲမောင်းနှင်ရင်း ပစ်ခတ်မှုတွေ ကျူးလွန်ခဲ့တာပါ။ သူ့လက်ချက်ကြောင့် ၁ ဦးသေပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
သေနတ်သမားဟာ ပါရီ အနောက်တောင်ဖက်က ထရက်ပက်စ်မှာ စတင်ပစ်ခတ်ပြီး အနီးမှာရှိတဲ့ လာဗယ်ရီရာမှာပါ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့ အဓိက ပစ်မှတ်ဟာ ရွှေ့ပြောင်း အခြေချသူတွေလို့ ယုံကြည်ရပြီး နောက်ဆုံးမှာတော့ သူ့ကို ရဲတွေက ဖမ်းမိခဲ့ပါတယ်။
ရဲတွေရဲ့ အဆိုအရ သေနတ်သမားဟာ အဖမ်းမခံရခင်မှာ ကားကို ၁၅ မိနစ်လောက် လှည့်ပတ်မောင်းနှင်ရင်း လူတွေကို လိုက်လံ ပစ်ခတ်နေခဲ့ကြောင်း သိရပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးလည်း ပါဝင်ခဲ့ပြီး အခြေအနေ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

Public Service Announcement
ထရက်ပက်စ်ကို ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့တဲ့နောက် မာခရွန်က လူတွေဟာ အသားအရောင်၊ ဒါမှမဟုတ် ကိုးကွယ် ယုံကြည်မှုကို အခြေခံပြီး ပစ်မှတ်ထား တိုက်ခိုက် ခံနေရကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးတော့ အဲဒီလို ဆိုးယုတ်တဲ့ အတွေးအခေါ်မျိုး လူ့အဖွဲ့အစည်းထဲမှာ လုံးဝ နေရာအယူ မခံကြဖို့လည်း ပြည်သူတွေကို သမ္မတက တိုက်တွန်းခဲ့ပါတယ်။
မာခရွန်က ဒီတိုက်ခိုက်မှုကို လူမျိုးရေး အခြေခံ အကြမ်းဖက်မှုလို့ စွပ်စွဲထားပေမယ့် သေနတ်သမားရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို တိတိကျကျ မသိရသေးပါဘူး။ အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေး အစိုးရရှေ့နေရုံး (PNAT)ကတော့ အခုကိစ္စဟာ အကြမ်းဖက် အဖွဲ့အစည်း တစ်ခုခုနဲ့ ဆက်နွှယ်တဲ့ လူသတ်မှုမျိုးလို့ မှတ်ချက်ပေးထားပါတယ်။
အဓိက သံသယရှိသူ အမျိုးသားကို ပြင်သစ်မီဒီယာတွေက ကီဗင်တီလို့ အတိုကောက် နာမည် ဖော်ပြထားပါတယ်။ သူဟာ မှုခင်းဟောင်း ၄ ခုအတွက် ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတင်ခြင်းကို ခံထားရပေမယ့် ပြင်သစ် ထောက်လှမ်းရေးရဲ့ စောင့်ကြည့် စာရင်းထဲမှာတော့ မပါခဲ့ပါဘူး။ ပြီးတော့ ပြင်သစ်ရဲ့ အမျိုးသား လုံခြုံရေးကို ထိပါးနိုင်ခြေ ရှိတယ်လို့ သံသယရှိသူ အဖြစ်လည်း သတ်မှတ် မခံခဲ့ရပါဘူး။
ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက် သေနတ်သမားရဲ့ မိသားစုဝင် အရင်းအချာ တစ်ဦးကိုလည်း ရဲတွေက ထိန်းသိမ်းခဲ့ပါတယ်။
ထရက်ပက်စ် မြို့တော်ဝန် အလီ ရာဘားက ကားပေါ်ကနေ လူတစ်ဦးက ပစ်ခတ်သွားတာကို ပြည်သူတချို့ တွေ့ကြုံ ခံစားခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ သေနတ်သမားဟာ ကြုံသလို ပစ်ခတ်ခဲ့ပြီး ဖြစ်နိုင်သမျှ လူတွေများများ သေဆုံးစေဖို့ ကြံရွယ်ခဲ့ဟန်ရှိကြောင်း၊ သူဟာ ရက်စက်တဲ့ လူသတ်ပွဲကြီး တစ်ခု ဖြစ်လာစေဖို့ ကြိုးစားခဲ့ကြောင်း ရာဘားက ဆိုပါတယ်။
ထရက်ပက်စ်မှာရှိတဲ့ ဓာတ်ဆီဆိုင်၊ ဆေးခန်းနဲ့ ကစားကွင်း တစ်ခုမှာ ရှိနေသူတွေကို သေနတ်သမားက လှမ်းပစ်ပြီးတဲ့နောက် လာဗယ်ရီရာဆီကို ဦးတည်ပြီး မောင်းနှင်သွားခဲ့တာ ဖြစ်ပါတယ်။ အဓိက လမ်းမကြီးတလျှောက် မောင်းနှင်သွားရင်း သူဟာ ကားပေါ်ကနေ ကြိုကြားကြိုကြား ဆက်ပြီး ပစ်ခတ်ခဲ့ပါသေးတယ်။
ဒဏ်ရာရခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်ရဲ့ မိခင်က သူ့သမီးဟာ ကျည်ဆန် ၈ ချက် ထိမှန်ခဲ့ကြောင်း ပြောပါတယ်။ သမီးဖြစ်သူဟာ ခေါင်းမြီးခြုံထားခဲ့လို့ တမင် ပစ်မှတ်ထား ခံခဲ့ရသလားလို့လည်း မိခင်ဖြစ်သူက မေးခွန်းထုတ်ခဲ့ပါတယ်။ သမီးဖြစ်သူဟာ ပြင်သစ်မှာ၊ ထရက်ပက်စ်မှာ မွေးဖွားခဲ့တာဖြစ်ကြောင်း၊ သူဟာ ပြင်သစ်မှာ နေထိုင်ဖို့၊ ပြင်သစ်မှာ ကိုယ်ပိုင် ဘဝကို တည်ဆောက်ဖို့ အခွင့်အရေး အပြည့်ရှိကြောင်း အမျိုးသမီးက ဆိုပါတယ်။
ပြင်သစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး အရာရှိတွေကတော့ ဒီဖြစ်ရပ် နောက်ကွယ်မှာ အကြမ်းဖက် အဖွဲ့အစည်း တစ်ခုခု ဆက်နွှယ်ပါဝင်နေနိုင်ခြေနဲ့ ပတ်သက်လို့လည်း စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားထားပါတယ်။
ကိုးကား: BBC

















































