ဂျော်ဒန်နိုင်ငံက ခရစ်ယာန် ဘုရားကျောင်း တစ်ခုထဲမှာ ကျင်းပနေတဲ့ နာရေးအစီအစဉ်ကို သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်လို့ ၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဂျော်ဒန်နိုင်ငံ အလယ်ပိုင်း၊ ကာရက်ခ်ဒေသထဲက ဟမုဒ်မြို့မှာ အောက်တိုဘာ ၂၃ ရက်နေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၇ ဦးသေ၊ ၃၄ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဘယ်သူဘယ်ဝါဆိုတာ မသိရသေးတဲ့ သေနတ်သမားတွေက ဘုရားကျောင်းဆီ ကားတစ်စီးနဲ့ ရောက်လာခဲ့ပြီး ဘုရားကျောင်း ဝင်းထဲ ခြေကျင်ဝင်ရောက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ရဲတွေ ရောက်မလာခင် ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ လက်ရှိ အချိန်ထိ ဘယ်သူကမှ၊ ဘယ်အဖွဲ့အစည်းကမှ အဲဒီတိုက်ခိုက်မှုကို ကျူးလွန်ကြောင်း မကြေညာသေးပါဘူး။
ဘုရားကျောင်း ဝင်ပေါက်ကို ချိန်ရွယ်ထားတဲ့ လုံခြုံရေး ကင်မရာကတော့ အနည်းဆုံး သေနတ်သမား ၃ ဦးဟာ ဘုရားကျောင်းထဲကို ဝင်ရောက်လာပြီး ပစ်ခတ်ခဲ့ကြတာကို မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

Public Service Announcement
ဂျော်ဒန် ပြည်ထဲရေး ဝန်ကြီး မာဇက် အယ်လ် ဖာရာယာက သတင်းစာ ရှင်းလင်းပွဲမှာ ပစ်ခတ်မှု ကျူးလွန်သူတွေကို အစွန်းရောက် ဝါဒီတွေလို့ သုံးနှုန်းပြီး ရှုတ်ချခဲ့ပါတယ်။
ဂျော်ဒန် အာဏာပိုင်တွေဟာ ကာရက်ခ်မှာ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူတွေကို စုံစမ်းဖော်ထုတ်ပြီး အပြင်းထန်ဆုံး အရေးယူ ဒဏ်ခတ်သွားမယ်လို့ ဂျော်ဒန်ဘုရင် ဒုတိယ အက်ဘ်ဒူလာကလည်း ကြေညာခဲ့ပါတယ်။
သေနတ်သမားတွေ ဝင်ရောက်ပစ်ခတ်တဲ့အခါ ဘုရားကျောင်းထဲမှာ အားလုံး အထိတ်တလန့် ဖြစ်ကုန်ပြီး လူတွေက အကာအကွယ်တွေ ရှာဖွေပြီး ပုန်းအောင်းနေခဲ့ကြောင်း အသက်ရှင် လွတ်မြောက်လာတဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။
သေနတ်သမားတွေဟာ ဘုရားကျောင်း ခန်းမဆောင်ထဲကို စိတ်ထင်တိုင်း ပစ်ခတ်ပြီးတဲ့နောက် ပစ်ကပ်ထရပ်ကား တစ်စီးနဲ့ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း ကိုယ်တွေ့ ကြုံခဲ့သူ တစ်ဦးက ဆိုပါတယ်။ နေရာတိုင်းမှာတော့ သေဆုံးသူတွေ၊ ဒဏ်ရာရသူတွေ လဲကျပြီး ကျန်နေခဲ့ကြောင်း၊ မြင်ကွင်းက ကမ္ဘာပျက်နေသလို ဖြစ်နေခဲ့ကြောင်းလည်း အဲဒီ မျက်မြင်ဖြစ်သူက သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။
ဂျော်ဒန်ဘုရင်ဟာ ဒဏ်ရာရထားသူတွေကို ကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့ပြီး ဟမုဒ်မြို့မှာ လုံခြုံရေး အစီအမံတွေကို တင်းကျပ်ထားလိုက်ပါတယ်။ ဒေသခံတွေကြားမှာတော့ ထိတ်လန့် တုန်လှုပ်မှုနဲ့ ဒေါသတွေ ရောပြွန်းခံစားနေရပြီး အခုဖြစ်ရပ်ဟာ အာဏာပိုင်တွေက အကြမ်းဖက်ဝါဒနဲ့ ပတ်သက်ရင် ကိုင်တွယ်ပုံ ပျော့ညံ့လို့ ပေါ်ပေါက်ခဲ့တာဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ဂျော်ဒန်ဟာ မွတ်ဆလင် အများစုနေထိုင်တဲ့ နိုင်ငံဖြစ်ပေမယ့် ကာရက်ခ်မှာတော့ ခရစ်ယာန် အချိုးအစားက အတော်လေး များပြားတယ်လို့ သိရပါတယ်။
ကိုးကား: BBC

















































