ရုရှားက အသုံးပြုလာတဲ့ ဂျက်အင်ဂျင်တပ် ဖောက်ခွဲရေး ဒရုန်းတွေဟာ ယူကရိန်း လေကြောင်းကာကွယ်ရေး စနစ်တွေကို အကျပ်ရိုက်နေစေကြောင်း သိရပါတယ်။
အရင်က ယူကရိန်းဟာ ရုရှားရဲ့ ခရုစ်ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချနိုင်ဖို့ ရုန်းကန်ရပေမယ့် ဒရုန်းတွေကိုတော့ ထိထိရောက်ရောက် တားဆီးနိုင်လေ့ ရှိပါတယ်။ ရုရှားရဲ့ ဒရုန်းတွေကို စျေးသက်သာပြီး ကိုယ်ပိုင်စိတ်ကူးနဲ့ ထိုးထွင်းတီထွင်ထားတဲ့ နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး ယူကရိန်းက တားဆီးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရုရှားဟာ ဂျက်အင်ဂျင် တပ်ထားတဲ့ ဒရုန်းအမျိုးအစားသစ်တွေကို ပိုပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာသလို ယူကရိန်းအတွက် အကျပ်ရိုက်လာစေတာ ဖြစ်ပါတယ်။ အဲဒီ ဂျက်အင်ဂျင်တွေဟာ ယူကရိန်းက ကြားဖြတ် ပစ်ချရာမှာ အသုံးပြုတဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေထက် ပိုပြီး မြန်မြန် ပျံသန်းနိုင်ပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ရုရှားရဲ့ ဂျက်အင်ဂျင်တပ် ဒရုန်းတွေ ပိုမို အသုံးပြုလာမှုကို ရှုတ်ချခဲ့သလို ပိုပြီး ကြမ်းကြုတ်ရက်စက်တဲ့ လေကြောင်းတိုက်ခိုက်မှု ပုံစံသစ် တစ်ခုလို့ စွပ်စွဲခဲ့ပါတယ်။

Public Service Announcement
ဇွန်လတုန်းက ယူကရိန်းဟာ ရုရှားရဲ့ ဂျက်အင်ဂျင်တပ် ဒရုန်း ၃၅၀ လောက်ကို ကြားဖြတ် ဟန့်တားဖို့ ကြိုးစားခဲ့ပါတယ်။ ဇူလိုင်မှာတော့ အဲဒီအရေအတွက်က ၁၆၀၀ ထိ ခုန်တက်လာပြီး ဩဂုတ်မှာ ၂၈၀၀ ဖြစ်သွားတယ်လို့ ဆိုပါတယ်။ ဩဂုတ်လတုန်းက ညပိုင်းအချိန် တိုက်ခိုက်မှု ၅ ခုမှာတော့ ရုရှားဟာ အရင် အသုံးပြုနေကျ ပိုပြီး ခေတ်နောက်ကျတဲ့၊ ပိုပြီးနှေးကွေးတဲ့ ဒရုန်းတွေထက် ဂျက်အင်ဂျင်တပ် ဒရုန်းအသစ်တွေကို အရေအတွက် များများ ပိုသုံးခဲ့ကြောင်း သိရပါတယ်။
ဂျက်အင်ဂျင် တွန်းအားနဲ့ ပျံသန်းတဲ့ ဒရုန်းတွေဟာ အရင်မျိုးဆက်တွေထက် အများကြီး ပိုမြန်သွားပြီး ကြားဖြတ် ပစ်ချဖို့ ခက်ခဲလာတယ်လို့ ဗြိတိန်နိုင်ငံ၊ လန်ဒန် ဘုရင့်ကောလိပ်ရဲ့ စစ်ဘက်နည်းပညာ ပါရဂူ ဒေါက်တာ မာရီနာ မီရွန်က ရှင်းပြပါတယ်။
အဆင့်မြှင့်ထားတဲ့ ဂျက်အင်ဂျင်တပ် ဒရုန်းတွေဟာ အမြင့်ဆုံးမြန်နှုန်း တစ်နာရီ မိုင် ၃၀၀ လောက်ထိ ရောက်ရှိနိုင်ပါတယ်။ ဒါဟာ ယူကရိန်း စစ်တပ်ရဲ့ ဒရုန်းတားဆီးရေး လက်နက် အများစု လိုက်မမီလောက်တဲ့ မြန်နှုန်းလည်း ဖြစ်ပါတယ်။ အဲဒီ ဒရုန်းတွေမှာ တာဘိုဂျက် အင်ဂျင်တွေ တပ်ဆင်ထားပြီး တချို့ကိုတော့ တရုတ်က ကုန်ကြမ်းရင်းမြစ်တွေ အသုံးပြု တည်ဆောက်ထားတယ်လို့ ယူကရိန်း စစ်ထောက်လှမ်းရေးက ပြောပါတယ်။
စက်တင်ဘာ ၁ ရက်နေ့က ယူကရိန်းမှာ လူပေါင်း ၁၂ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တဲ့ ဒရုန်းနဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေမှာ ဂျက်အင်ဂျင်တပ် ဒရုန်းတွေကို ရုရှားက အသုံးပြုခဲ့တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။
နှစ်ဆန်းပိုင်းတုန်းက ယူကရိန်းဟာ ရုရှားပစ်ခတ်သမျှ ဒရုန်းတွေရဲ့ ၉၄ ရာခိုင်နှုန်းကို အောင်အောင်မြင်မြင် ကြားဖြတ် ပစ်ချနိုင်တဲ့ မှတ်တမ်းကောင်းမျိုး ရှိခဲ့ပါတယ်။ ဒါပေမဲ့ မြန်နှုန်းမြင့် ဂျက်အင်ဂျင်တပ် ဒရုန်းတွေနဲ့ ရင်ဆိုင်လာရချိန်မှာ အဲဒီ စွမ်းဆောင်ရည်ဟာ သိသိသာသာ ယိုင်နဲ့လာကြောင်း ယူကရိန်း စစ်ထောက်လှမ်းရေးဌာန ဒုတိယ အကြီးအကဲ ဗိုလ်ချုပ် ဗာဒင်းမ် စကီဘစ်စကီးက ဝန်ခံခဲ့ပါတယ်။
တစ်ဖက်မှာတော့ ယူကရိန်း ကုမ္ပဏီ လေးခုဟာ အရင်ကထက် ပိုမြန်လာတဲ့ ရုရှား ဒရုန်းတွေကို ပစ်ချနိုင်မယ့် တန်ဖိုးနည်း ဒုံးကျည်စနစ်တွေကို စမ်းသပ်တီထွင်နေပြီး လောလောဆယ်မှာတော့ လက်တွေ့ အသုံးပြုနိုင်တဲ့ အဆင့်ကို မရောက်သေးပါဘူး။ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးသစ် ယက်ဗ်ဟီနီ ခါမာရာကတော့ အဲဒီဒုံးကျည်တွေ အဆင်သင့် ဖြစ်လာရင် အရေအတွက် ထောင်နဲ့ချီ ထုတ်လုပ်ဖို့ ပံ့ပိုးသွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။
ကိုးကား: BBC



















































